ဆိုးလ်၊ ဒီဇင်ဘာ ၂၇
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်ခင်မှာပဲ နိုင်ငံ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတ ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မယ့် အဆိုကို အတိုက်အခံ လွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံတရားရုံး တရားသူကြီးတွေကို ခန့်အပ်ဖို့ ယာယီသမ္မတ ဟန်က ငြင်းဆိုခဲ့ပြီးနောက် အခုလို အဆိုတင်သွင်းခံရတာ ဖြစ်ပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/12/Screenshot-2024-12-27-180017.png?resize=640%2C428&ssl=1)
ယာယီသမ္မတ ဟန်ဟာ ယာယီသမ္မတ မဟုတ်ဘဲ ပုန်ကန်သူ ဖြစ်ကြောင်း သူကိုယ်တိုင် ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ဒီမိုကရက်တစ် ပါတီရဲ့ လွှတ်တော်ခေါင်းဆောင် ပက်ချန်ဒေးက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ သမ္မတဟောင်း ယွန်ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှုကို အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ ဟန်က ကူညီခဲ့တယ်လို့လည်း အတိုက်အခံတွေက စွပ်စွဲထားပြီး ယာယီသမ္မတဟန်ကတော့ တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အရင်ကတည်းက တောင်းပန်ထားပါတယ်။
သမ္မတဟောင်း ယွန်ရဲ့ သက်တမ်းမရှည်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုကို အထူး စုံစမ်းစစ်ဆေးရေး အပါအဝင် အတိုက်အခံတွေ ဦးဆောင်တဲ့ အဆိုပြုချက် တော်တော်များများကို ယာယီသမ္မတ ဟန်က ဗီတိုအာဏာနဲ့ ပယ်ချထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/12/Screenshot-2024-12-27-180031.png?resize=640%2C379&ssl=1)
ယာယီသမ္မတ ဟန်အပေါ် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို လာမယ့် ၂၄ နာရီကနေ ၇၂ နာရီအတွင်း မဲခွဲ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
အဲဒီ အဆိုကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်အမတ် ၃၀၀ ရှိတဲ့ အထဲက ၁၅၁ ဦး ထောက်ခံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီဟာ လက်ရှိ လွှတ်တော်မှာ အမတ်နေရာ ၁၇၀ ရရှိထားတဲ့ ပါတီ ဖြစ်ပါတယ်။ အတိုက်အခံတွေ အားလုံးပေါင်းအနေနဲ့ လွှတ်တော်ရဲ့ အမတ်နေရာ ၁၉၂ နေရာကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အတိုက်အခံတွေက ယာယီသမ္မတ ဟန်အနေနဲ့ သူတို့ရဲ့ လမ်းကို ပိတ်မထားဖို့ မျှော်လင့်ထားကြပြီး သူတို့ တင်သွင်းတဲ့ ဥပဒေကြမ်းကို ခွင့်ပြုဖို့ မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယာယီသမ္မတဘက်က အလျှော့မပေးဘဲ အတိုက်အခံတို့ရဲ့ လုပ်ရပ်တွေကို တားဆီးနေတာကြောင့် တောင်ကိုရီးယားမှာ နိုင်ငံရေး သဘောထား ကွဲလွဲမှု ပိုမို နက်ရှိုင်းလာနေတာ ဖြစ်ပါတယ်။
ယာယီသမ္မတကို စွပ်စွဲ ပြစ်တင်ဖို့ လွှတ်တော်အမတ်တွေ မဲပေးခဲ့မယ်ဆိုရင် ဘဏ္ဍာရေးဝန်ကြီး ချိုဆန်မော့က သူ့နေရာကို ဆက်ခံဖို့ ရှိနေပါတယ်။
Ref: BBC