မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇

စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် စစ်ရေးရှုံးနိမ့်မှုတွေရင်ဆိုင်ခဲ့ရပြီး စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတာနဲ့အတူ နောက်နှစ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။

စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ကြားဝင်ညှိနှိုင်းမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဟိုင်ဂင်သဘောတူညီချက်နဲ့ တစ်ခန်းရပ်ပြီးနောက်ပိုင်း လာမယ့်နှစ် ရွေးကောက် ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ အခုနှစ် ဇွန် ၁၅ ရက်နေ့မှာ စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပါတယ်။

ဇွန်နှောင်းပိုင်းမှာတော့ တအာင်းအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တွေက ရှမ်းမြောက်ရှိကျန်နေတဲ့ တပ်စ ခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကိုးကန့်အဖွဲ့ MNDAA ကလည်း ဇူလိုင်လဆန်းမှာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီကာလအတွင်း တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဟာ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး အခြေအနေတွေကို ဆွေး နွေးခဲ့သေးတာပါ။

တဆက်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အခုထက်အရှိန်မြှင့်ပြီး အသင့်ဖြစ်‌အောင် လုပ်ဆောင်ထားကြဖို့ ဝန်ထမ်းတွေကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုတွေကို စစ်ကောင်စီက ဟန်ပြသဘောမျိုးနဲ့ လုပ်နေတာလို့ သုံးသပ်ပါတယ် ။

“စစ်တပ်က ဘယ်တုန်းကမှ ရွေး‌ကောက်ပွဲကို မယုံကြည်ခဲ့ပါဘူး။ ဟိုး ၁၉၆၀ ခုနှစ် ဗိုလ်နေဝင်း လုပ်ခဲ့တဲ့ ရွေးကောက်ပွဲစလို့ အခန့်မသင့်ရင်သူတို့ (အာဏာ)ပြန်သိမ်းတာပဲ။ အဲဒီတော့ဒါသူ့အကြောင်း ပြချက်ပေါ့။ အဲဒီတုန်းက (၂၀၂၁ အာဏာသိမ်းတဲ့ရက်) သိမ်းတယ်တောင် မသုံးဘူး၊ အာဏာထိန်းတယ်လို့သုံးတာ။ ဒါကြောင့်မို့ ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြနေတာ”လို့ ဆိုပါတယ်။

ဩဂုတ်လဆန်းမှာတော့ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် ထိုးစစ်ကြောင့် စစ်အင်္ဂါစဉ်နံပါတ် ၃ မှာရှိတဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ကျဆုံးခဲ့ရပြီး ရှမ်းမြောက်က မြို့အားလုံးနီးပါး စစ်ကောင်စီဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကလည်း အရှိန်အဟုန်မပြတ် ဆက်လက်တည်ရှိနေတဲ့အတွက် အခုနှစ်နှောင်းပိုင်းမှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ စစ်ကောင်စီ ထပ်မံလက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် ကချင်နဲ့ချင်းမှာရှိတဲ့ စစ်ကောင်စီစိုးမိုးနယ်မြေထဲက တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တပ်စခန်းတွေနဲ့ မြို့ရွာတွေကို ဒေသတွင်းလူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ထိုးစစ်ကလည်း အရှိန်အဟုန်မြှင့်လာနေတာပါ။

CDM ပြုလုပ်ထားတဲ့ ဗိုလ်ကြီးကောင်းသူဝင်းက ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ ဆုံးရှုံးမှုတွေကို မျက် ဝါးထင်ထင် တွေ့နေရတဲ့အတွက် လာမယ့်နှစ်မှာ ထိန်းချုပ်နယ်မြေတွေ ကျဉ်းလာလိမ့်မယ်လို့ သုံး သပ်ပါတယ်။

“စစ်ကောင်စီက တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်ပြီးတော့ သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ကျဉ်းသထက် ကျဉ်းလာလိမ့်မယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေလည်း ပိုပြီးတော့ နည်းသထက် နည်းလာမယ်ပေါ့။ အဲဒီတော့ တဖြည်းဖြည်း စစ်ကောင်စီဟာ အတွင်းထဲမှာရှိတဲ့ နေပြည်တော်လိုမျိုး ဒေသဖြစ်ဖြစ် ပြည်တွင်းထဲကို လှိမ့်ကာလှိမ့်ကာနဲ့ အထဲကို ပြန်ပြီးရောက်သွားမယ့် အနေအထားမျိုးတွေ ဖြစ်မယ်”လို့ ဆိုပါတယ်။

BNI Myanmar Peace Monitor ရဲ့ အခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာ သိမ်းမှုအတွင်း နိုင်ငံတဝန်းရှိ မြို့ပေါင်း ၈၆ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

အဲဒီထဲမှာ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းမြောက်၊ရခိုင်၊ကချင်၊ကရင်နီ၊ချင်း၊ ကရင်၊ စစ်ကိုင်းးနဲ့မန္တလေးတို့မှာရှိတဲ့ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၅၆ မြို့ကို တစ်နှစ်အတွင်း အရေအတွက်အများဆုံးနဲ့ စစ်ကောင်စီ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာနောက်ဆုံးပတ်အထိ ထပ်မံသိမ်းယူထားတဲ့ ရခိုင်ကအမ်းမြို့အပါအဝင် ချင်းကမင်းတပ်၊ ကန်ပက်လက်မြို့တို့ကိုပါ ထည့်ပေါင်းရင်တော့ အခုနှစ်အတွင်း မြို့ပေါင်း ၆၀ နီးပါး စံချိန်တင် ဆုံး ရှုံးခဲ့ရတာပါ။

စစ်အာဏာရှင်စနစ်တော်လှန်သူတွေရဲ့ ထိုးစစ်ကြောင့် စစ်ရေးအကျပ်ဆိုက်လာတဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်ဆိုပြီး တောက်လျှောက် ကြွေးကြော်လာတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး လွှတ်တော်လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ စစ်ကောင်စီကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ စီမံနေပြီး ပွင့်လင်းမြင်သာမှုဖြစ်စေဖို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားထားတာပါ။ ဒီအပေါ် တရုတ်နဲ့ ရုရှားတို့က အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

အခုနှစ်နှောင်းပိုင်းအတွင်း အပစ်ရပ် EAO တွေအပါအဝင် မှတ်ပုံတင်ချပေးထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်တို့ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးနေကြတာပါ။

ရွေးကောက်ပွဲကိုတော့ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၁၆၁ မြို့နယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ ကော်မရှင်ဘက်က နိုင်ငံရေးပါတီတွေကို ဒီဇင်ဘာပထမပတ်အတွင်း ပြောဆိုထားပါတယ်။ ဒါဟာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ၄၉ ရာခိုင်နှုန်းလောက်သာ ကျင်းပနိုင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရွေးကောက်ပွဲကျင်းပဖို့ နယ်မြေအနည်းအကျဉ်းသာရှိနိုင်တဲ့ အတွက် တရားမျှတဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“သူကျင်းပနိုင်တဲ့ သူ့အာဏာသက်ရောက်တဲ့ နယ်မြေဟာ ၄၀ ရာခိုင်နှုန်းထက် မကျော်ပါဘူး။ အဲဒီတော့ ဘယ်လိုမှ ဒီဟာက တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ သူကပြည်ခိုင်ဖြိုးပါတီ အာဏာရအောင် သူကလုပ်ပေးမှာပါ။ ဒါမှ သူ(စကစ/မအလ) ရွေး‌ကောက်ခံရမှာ။ နောက် ဒီလိုရွေးကောက်ပွဲမျိုးကို ထောက်ခံတယ်ဆိုတာ တရုတ်လို ဗမာပြည်ရဲ့ အကျိုးစီးပွားတွေကို ပေါပေါပဲပဲနဲ့ရဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းကပဲ ထောက်ခံနေတာ။ ဘယ်ဒီမိုကရေစီနိုင်ငံကမှ ရွေးကောက်ပွဲကို အသိအမှတ်လည်းမပြု လက်လည်းမခံပါဘူးခင်ဗျ”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမဲစာရင်းအတွက် ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကလည်း အာဏာ သိမ်းမှုအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ပေမယ့် အပြည့်အဝကောက်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။

နယ်မြေဆုံးရှုံးမှုနဲ့ ထိုးစစ်တွေကြောင့် အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လုံခြုံရေးယူပေးဖို့ အပစ်ရပ် EAO တွေကို စစ်ခေါင်းဆောင်က လေသံပစ်ထားသလို NSPNC ဥက္ကဋ္ဌကလည်း သင် တန်းပြီးထားတဲ့ အင်အားတစ်သောင်းနဲ့ လုံခြုံရေးပေးဖို့ နိုင်ငံရေးပါတီတွေကို ပြောဆိုထားတာပါ။

NUCC နဲ့ NUG ကတော့ နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေသမျှ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုပန်းတိုင်နဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးလည်း အရှိန်အ ဟုန်နဲ့ ဆက်လက်တည်ရှိနေမယ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အသိပေးထားပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ နောက်နှစ်မှာ တော်လှန်ထိုးစစ်တွေကို စစ်ကောင်စီဘက်က စစ်ရာဇဝတ်မှုတွေနဲ့အတူ လေကြောင်းဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက် လက်လုပ်ဆောင်သွားမယ့် အနေအထားလို့ သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.