ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆

ဦးခေါင်းဖြူနဲ့ နှုတ်သီးဝါ အမဲလိုက်ငှက်တွေအတွက် ဂုဏ်ပြုတဲ့ ဥပဒေကို သမ္မတ ဂျိုး ဘိုင်ဒန်က ခရစ်စမတ် အကြိုနေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်ငှက်တွေဟာ အခုအချိန်မှာ အမေရိကန်ရဲ့ တရားဝင် နိုင်ငံတော် အထိမ်းအမှတ် ငှက်တွေ ဖြစ်လာပါတယ်။

အဲဒီ လင်းယုန်ငှက်တွေကို အမေရိကန် နိုင်ငံတော်သင်္ကေတ အဖြစ် မှတ်ယူထားတာ နှစ်များစွာ ကြာပြီဖြစ်ပြီး အမေရိကန်နိုင်ငံ တံဆိပ်တုံးတွေမှာ သုံးပြီး စာရွက်စာတမ်းတွေပေါ်မှာ အသုံးပြုလာခဲ့တာ ၁၇၈၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး သမ္မတ ဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးမှ တရားဝင် နိုင်ငံတော် အထိမ်းအမှတ်ငှက် အဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၅၀ လောက်အထိ ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်ကို အမေရိကန်နိုင်ငံသားတွေက နိုင်ငံတော် အထိမ်းအမှတ်ငှက်အဖြစ် ခေါ်ဝေါ်ခဲ့ကြပေမယ့် တရားဝင် သတ်မှတ်မှု မရှိခဲ့ပါဘူး။ အခုတော့ တရားဝင် သတ်မှတ်ခံရပါပြီလို့ National Eagle Center အမျိုးသား ငှက်စီမံကိန်း တွဲဖက်ဥက္ကဋ္ဌ ဂျက် ဒေးဗစ်က ပြောကြားပါတယ်။

ဒါပေမဲ့ အဲဒီ လင်းယုန်ငှက်ဟာ အကျင့်စရိုက် မကောင်းတဲ့ ငှက် ဖြစ်တယ်ဆိုပြီး အမေရိကန်မှာ ဝေဖန်သူ တချို့ ရှိနေပါတယ်။

ကမ္ဘာတဝန်းရှိ တခြား လင်းယုန်ငှက်တွေလိုပဲ ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်တွေကို လူအများက ခွန်အား၊ သတ္တိ၊ လွတ်လပ်မှုနဲ့ မသေမျိုး သင်္ကေတအဖြစ် ရှုမြင် လက်ခံထားခဲ့ကြတာ မျိုးဆက်ပေါင်းများစွာ ကြာပြီ ဖြစ်တယ်လို့ အမေရိကန် စစ်ပြန်များရေးရာဌာနရဲ့ ဖော်ပြချက် အရ သိရပါတယ်။

တခြား လင်းယုန်တွေလို မဟုတ်ဘဲ ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်တွေဟာ မြောက်အမေရိကန်မှာပဲ ရှေးတုန်းကတည်းက နေထိုင် ကျက်စားလာခဲ့တဲ့ ငှက်တွေ ဖြစ်ပါတယ်။

အမေရိကန်မှာ အဲဒီလို လင်းယုန်ကောင်ရေ အများဆုံးရှိတဲ့ မင်နီဆိုတာ ပြည်နယ် လွှတ်တော်အမတ်တွေက အဲဒီ ဥပဒေကြမ်းကို တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

လင်းယုန်တွေကို ၁၉၄၀ နိုင်ငံတော်သင်္ကေတ အက်ဥပဒေအရ ကာကွယ်ပေးထားတာကြောင့် ဖမ်းဆီး သတ်ဖြတ်တာ နဲ့ ရောင်းဝယ်တာဟာ ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။

အဲဒီ လင်းယုန်တွေဟာ တစ်ချိန်က မျိုးသုန်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်က ကောင်ရေ သိသိသာသာ တိုးပွားလာခဲ့တာဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.