ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၂၆
၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ ယူကရိန်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
အစဉ်အလာအရ မိန့်ကြားတဲ့ ခရစ်စမတ် မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက နှစ်နိုင်ငံကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးကို ဖွင့်လှစ်ဖို့ ရဲရင့်မှု လိုအပ်ကြောင်း ပြောကြားထားပါတယ်။
ရုရှားက ဒုံးကျည် ၁၈၄ စင်း၊ ဒရုန်းတွေနဲ့ ယူကရိန်း စွမ်းအင် အဆောက်အဦးတွေကို ကြီးကြီးမားမား တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အခုလိုမျိုး တိုက်တွန်း ပြောကြားတာ ဖြစ်ပါတယ်။
အခုနှစ် စောစောပိုင်းက စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဖို့နဲ့ သတ္တိရှိရှိ အလံဖြူထောင်ဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းချက်ကို ယူကရိန်းက ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်စီးတီနဲ့ ကမ္ဘာကြီးအတွက် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တခြားပဋိပက္ခတွေ အကြောင်းလည်း ပါဝင်ပါတယ်။
စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြတဲ့ လူထောင်ပေါင်းများစွာကို ပြောကြားရာမှာ ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက စစ်မက်ကြောင့် ပျက်စီးနေတဲ့ ယူကရိန်းနဲ့ အဲဒီထက် ကျော်လွန်ပြီးတော့ လက်နက်သံများ တိတ်ဆိတ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ခရစ်စမတ်နေ့က သူပြောခဲ့တဲ့ သတင်းစကားကို ပြန်လည် ပြောဆိုတဲ့အနေနဲ့ ပုပ်ရဟန်းမင်းကြီးက ဂါဇာမှာ အပစ်ရပ်ဖို့နဲ့ ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ တိုက်တွန်း ပြောကြားထားပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ရက်စက်မှုတွေ အပြည့် ပါဝင်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက အခုသီတင်းပတ် စောစောပိုင်းက ပြောကြားခဲ့တာကြောင့် အစ္စရေးက စိတ်ပျက်စရာ ပြောဆိုမှု ဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။
လက်ဘနွန်နဲ့ ဆီးရီးယားရှိ ခရစ်ယာန်တွေအတွက်လည်း ဆုတောင်းပေးလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။
ဆီးရီးယားမှာ ၂၀၁၁ ခုနှစ်က ပြည်တွင်းစစ် စတင်ပြီး နောက်ပိုင်း ခရစ်ယာန်ဘာသာဝင်ဦးရေ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ငြိမ်းချမ်းရေးအတွက် မကြာခဏ တောင်းဆိုလေ့ရှိပြီး များမကြာခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ဗာတီကန် နန်းတော်က ခိုလှုံခွင့်ပေးမှာ ဖြစ်ကြောင်း ပြောဆိုထားဖူးပါတယ်။
Ref:BBC