မနီလာ၊ ဒီဇင်ဘာ ၂၅

ကိုယ်ပိုင် ရေပြင် အကျိုးစီးပွားများ လုံခြုံစေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် တိုင်ဖွန်း ဒုံးကျည်စနစ် ဝယ်ယူဖို့ စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်တာကြောင့် တရုတ်ဘက်က ဒေသဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးမှုတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်က သူတို့ရဲ့ ကာလရှည် မဟာမိတ် ဖိလစ်ပိုင်နဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွက် ယခုနှစ် စောစောပိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းမှာ အဲဒီ တိုင်ဖွန်းအမည်ရှိတဲ့ တာလတ်ပစ် ဒုံးကျည် စနစ်ကို ချထားခဲ့ရာမှာ တရုတ်ဘက်က အာရှတိုက် မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့ သတိပေးထားပေမယ့် ဆက်လက် ချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည်စနစ်ဟာ မိမိတို့ရဲ့ ကျွန်းစုတွေကို ကာကွယ်ဖိုင်ဖို့ အရေးပါတယ်လို့ ရှုမြင်တဲ့အတွက် ဝယ်ယူသွားဖို့ စီစဉ်ထားကြောင်း ဖိလစ်ပိုင်စစ်တပ် အကြီးအကဲ ရွိုင်း ဂါလီဒိုက ဒီဇင်ဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ အဲဒီ ဒုံးကျည်စနစ်ကို ဝယ်ယူသွားမယ်ဆိုတာကို မိမိအနေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို အသိပေးလိုကြောင်း ဝယ်ယူမှုအတွက် ကုန်ကျစရိတ်က နိုင်ငံ့ စီးပွားရေးအပေါ် မူတည်နေတယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂါလီဒိုက ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာရှိတဲ့ အငြင်းပွားနေတဲ့ သန္တာကျောက်တန်းတွေနဲ့ ရေပြင်မှာ မကြာသေးခင်က ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တို့ မကြာခဏ ထိပ်တိုက်တွေ့ခဲ့ကြပြီး အမေရိကန် ဒုံးကျည်စနစ် ချထားမှုကြောင့် ဘေဂျင်းအစိုးရကို ဒေါသထွက်စေခဲ့ပါတယ်။

တရုတ်ဘက်က တောင်တရုတ်ပင်လယ် တစ်ခုလုံးကို သူတို့ ပိုင်တယ်လို့ ပြောဆိုထားပြီး အခုလို ပြောဆိုမှု တရားမဝင်ဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဆုံးဖြတ်ထားပေမယ့် ဂရုမစိုက်ဘဲ ထင်တိုင်းကြဲ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကာလရှည် မဟာမိတ်တွေ ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတ မားကို့စ် အာဏာရလာပြီး နောက်ပိုင်း စစ်ရေး အရ ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာခဲ့ပါတယ်။

အဲဒီအချိန်က စပြီး ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်ကို တရုတ်ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် ကန့်ကွက်ပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာပြီး မကြာခင်မှာပဲ တရုတ်က ရန်လိုတဲ့လုပ်ရပ် အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပြီး ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.