လောင်းလုံး၊ ဒီဇင်ဘာလ ၂၆
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ဒီနေ့ ဒီ ဇင်ဘာ ၂၅ ရက်နေ့ထိ တိုက်ပွဲဆက်ဖြစ်နေပြီး ပြင်းထန်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြန်မဆုတ်ဘဲ ဆက်တိုက်နေသလို စစ်ကောင်စီဘက်ကလည်း တပ်စခန်းကုန်းတွေမကျရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းပစ်ခတ်မှုတွေ ပြု လုပ်နေတယ်လို့ဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်အထိ တိုက်ပွဲအခြေအနေက မငြိမ်သေးဘဲ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ စခန်းတွေ မကျစေရေး အသည်းအသန်ခုခံနေတယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်တာတွေရှိနေပြီး အရေအတွက်ကိုတော့ လတ်တ လောမှာ အတည်ပြုဖို့ခက်နေသေးတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်သ င်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ကူပေးတာတွေ ပြုလုပ်နေပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်း ၆ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ အကောက်ခွန်ဂိတ်ကနေ ငါးဖမ်းစက်လှေနဲ့ ကျောက်နီမော်ဘက်ကို စစ်ကူထွက်လာတဲ့ သရက်ချောင်းအခြေစိုက် ခမရ ၄၀၅ တပ်က စစ်ကောင်စီအဖွဲ့ကို ဝေဒီကျေးရွာအနီး ထားဝယ်မြစ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူးဒဏ်ရာရပြီး ရဲဘော် ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ ကျော်နီမော်ကျေးရွာအတွင်းရှိနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်နေလို့ ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်ကျေးရွာတွေက ဒေသ ခံ ၁၀၀၀ ခန့်ဟာ လှေ၊ ကား၊ ဆိုင်ကယ်တွေနဲ့ ဘေးလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြပါတယ်။
အဲဒီ တိုက်ခိုက်မှုကိုတော့ လောင်းလုံး ပကဖ၊ T1 နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတာလို့ဆိုပါတယ်။ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီအထိုင်ချတပ်စွဲနေရာ ၃ ခုရှိနေပြီး စစ်ကောင်စီတပ် သားအင်အား ၃၀ ခန့်နဲ့ပျုစောထီး အင်အား ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media