ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြည်ထောင်စုအဆင့် ချမှတ်ခံထားရတဲ့ သေဒဏ်ကျ အကျဉ်းသား ၄၀ ထဲက ၃၇ ဦးရဲ့ ပြစ်ဒဏ်ကို အာမခံ လျှောက်ထားခွင့်မရှိတဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ်သို့ ပြောင်းလဲပြီး ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုကနေ ချန်လှပ်ခံရတဲ့ အကျဉ်းသား သုံးဦးထဲမှာ ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးခွဲသူနဲ့ ၂၀၁၈ ခုနှစ်မှာ ဂျူးလူမျိုး ဘုရားဝတ်ပြုသူတွေကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတို့ ပါဝင်ပါတယ်။
ကြေညာချက်ထဲမှာတော့ သမ္မတ ဘိုင်ဒန်က မိမိတို့အနေနဲ့ ပြည်ထောင်စု ဖက်ဒရယ်အဆင့် သေဒဏ်အသုံးပြုမှုကို ရပ်တန့်ရမယ်လို့ အရင်ကထက်တောင် ပိုမို ယုံကြည်ထားကြောင်း ဖော်ပြထားပါတယ်။
အခုလိုမျိုး ပြစ်ဒဏ် လျှော့ပေါ့ပေးမှုမှာ ပြည်နယ်အရာရှိတွေက သေဒဏ်ချမှတ်ထားတဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပါဝင်မှု မရှိခဲ့ပါဘူး။
လာမယ့် ဇန်နဝါရီလအတွင်း အိမ်ဖြူတော်သို့ ရောက်လာမယ့် ရီပက်ဘလေကန် သမ္မတ ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ အရင်က သမ္မတ သက်တမ်းအတွင်း ဖက်ဒရယ်အဆင့် သေဒဏ်ပေးမှုကို ပြန်လည် စတင်ခဲ့သူ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်ကတော့ သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၃၀ ခု ထုတ်ပြန်ပေးခဲ့ပြီး အကျဉ်းသား ၁၅၀၀ ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။
သမ္မတရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးခံရသူတွေထဲမှာ အကျဉ်းသားတွေကို သတ်ဖြတ်မှု ကျူးလွန်ထားတဲ့ အကျဉ်းသား ၉ ဦး၊ ဘဏ်လုယက်မှုတွေ အတွင်း လူသတ်မှု ကျူးလွန်သူ ၄ ဦးနဲ့ အကျဉ်းထောင် အစောင့်ကို သတ်ဖြတ်ခဲ့သူ ၁ ဦးတို့ ပါဝင်နေပါတယ်။
တခြား အရာရှိတွေနဲ့အတူ မူးယစ်ဂိုဏ်းတစ်ခုကို ဦးဆောင်ခဲ့တဲ့ နယူးအော်လန်းပြည်နယ် ရဲအရာရှိ လန် ဒါးဗစ်လည်း သမ္မတ ဘိုင်ဒန်ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးသူတွေထဲ ပါဝင်နေပါတယ်။
အခုလိုမျိုး သမ္မတရဲ့ ကြေညာချက် ထွက်လာပြီးနောက် ဖက်ဒရယ် သေဒဏ်နဲ့ နေနေရတာ ၂၇ နှစ် ကြာနေပြီ ဖြစ်တဲ့ ဘေလီ အယ်လန်က သူ့အနေနဲ့ အများကြီး စိတ်သက်သာရာရမိကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လန်ဟာ ၁၉၉၇ ခုနှစ်က မစ်ဇူရီပြည်နယ်မှာ ဘဏ်လုယက်မှု အတွင်း လုံခြုံရေးအစောင့်ကို သတ်ဖြတ်မှုနဲ့ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပေမယ့် သူက အမြဲပဲ အပြစ်မရှိကြောင်း ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သတ်ဖြတ်တာခံရသူတွေရဲ့ မိသားစုဝင် တချို့ကတော့ အခုလို လူသတ်သမားတွေကို သမ္မတရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုကြောင့် စိတ်ထိခိုက်ရကြောင်း ပြောဆိုနေကြပါတယ်။
သမ္မတ ဘိုင်ဒန်ဟာ သေဒဏ်ပေးမှု ဆန့်ကျင်သူအဖြစ် မဲဆွယ်ခဲ့ပြီး သူ သမ္မတ ဖြစ်လာချိန်မှာ တရားရေးဝန်ကြီးဌာနက သူတို့ရဲ့ သေဒဏ် အသုံးပြုမှုနဲ့ ပတ်သက်လို့ နားလည်မှု စာချွန်လွှာတစ်ခုကို ထုတ်ပြန်ခဲ့ ပါတယ်။
၂၀၀၃ ခုနှစ် နောက်ပိုင်း အမေရိကန်မှာ ပြည်ထောင်စုအဆင့် သေဒဏ်ပေး ကွပ်မျက်ခံရတဲ့ အကျဉ်းသား လုံးဝ မရှိခဲ့ဘဲ ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ကွပ်မျက်မှုတွေ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။
Ref:BBC