လောင်းလုံး၊ ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွက် ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့ လောင်းလုံးမြို့နယ် ပကဖနဲ့ ပအဖအဖွဲ့တွေက အထူးသတိပေးချက် ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အကာအ ကွယ်နဲ့ လုံခြုံတဲ့နေရာအစီအမံတွေ၊ ဗုံးခိုကျင်းနဲ့ အနီးဆုံးနေရာတွေမှာ နေထိုင်ကြဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ အထူးသတိပေးချက် ထုတ်ပြန်ထားတာပါ။
ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ကင်းထောက်လေယာဉ်နဲ့ တိုက်လေယာဉ်တွေ တောက်လျှောက် ပျံဝဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကျောက်နီမော်တိုက်ပွဲနဲ့ ပတ် သက်ပြီး စစ်ကောင်စီမှ ကင်းထောက်ပျံသန်းမှုတွေ တောက်လျှောက်ပြုလုပ်နေတဲ့အပြင် ဒီနေ့မနက်ပိုင်းမှာလည်း ထားဝယ်မြို့ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ အထူးသတိပေးချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းလုံးဒေသခံတစ်ဦးကလည်း ဒီနေ့မနက်ပိုင်းအထိ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
လေကြောင်း သတိပေးချက်တွေကို ဖော်ပြပေးနေတဲ့ Enemy Air Route Channel နဲ့ WINTESS ENEMY AIR SCIUT တယ်လီဂရမ်ချန်နယ်တွေမှာလည်း မြိတ်လေတပ်မှ ဂျက်ဖိုက်တာတစ်စီးနဲ့ Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျံတက်သွားတာကြောင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ လေကြောင်းအန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF