“သိပ်မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်က အကြာကြီး ရပ်တည်နိုင်မှာမဟုတ်တော့ဘူး။ ပြိုကျပျက်စီးတော့မယ်။ အညာဒေသမှာလည်း အားတင်းထားဖို့နဲ့ ထပ်ပြီးတော့ ကူညီပံ့ပိုးပေးဖို့ ဝိုင်းဝန်းပြီးဖေးမပေးကြဖို့ ပြောချင်တယ်” – ကိုလပြည့် (PDO/PDA နိုင်ငံရေးတာဝန်ခံ)
နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ မကွေးတိုင်း မြေလတ်ဒေသမှာ အာဏာသိမ်းကာလအတွင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တော်တော်များများ ပေါ်ပေါက်လာခဲ့ပါတယ်။ မကွေးတိုင်းအတွင်းမှာ လှုပ်ရှားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ခုပေါင်းပြီး အမှတ် ၈ စစ်ကြောင်းပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် အခုနောက်ဆုံးအနေနဲ့ ပခုက္ကူမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရေလာလေးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုလိုမျိုး စစ်ကောင်စီရဲ့ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အမှတ် ၈ စစ်ကြောင်း ဖြစ်ပေါ်လာပုံ၊ လက်ရှိ စစ်ရေးလှုပ်ရှားမှု အခြေအနေနဲ့ မျှော်မှန်းချက်တွေအကြောင်း သိရှိနိုင်ဖို့ စစ်ကြောင်းထဲက ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ် – PDO/PDA နိုင်ငံရေးတာဝန်ခံ ကိုလပြည့်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းကြည့်ထားပါတယ်။
မေး – ပထမဆုံးအနေနဲ့ အမှတ် ၈ စစ်ကြောင်း ဖြစ်ပေါ်လာပုံ ပြောပြပေးပါ။
ဖြေ – ၂၀၂၁ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ ပေါ်ထွက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်။
ကျွန်တော်တို့ ရန်သူဖြစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေးမှာ လူတစ်ခု တစ်ဖွဲ့တည်း တိုက်ဖျက်တာထက်စာရင် အခြားသော ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်တူတဲ့ လမ်းစဉ်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်ဆိုရင် မြန်မြန်တိုက်ဖျက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့တွေက ယုံကြည်တယ်။
ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ မဟာမိတ်တွေကို ကျွန်တော်တို့ လိုက်ရှာခဲ့တယ်။ မဟာမိတ်တွေ အများကြီးရှိနိုင်အောင် ကြိုးစားခဲ့တယ်။ တပ်ပေါင်းစုဖွဲ့နိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလိုကြိုးစားမှုရလဒ်အဖြစ် ၂၀၂၃ မှာ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF နဲ့ပေါင်းစုနိုင်ခဲ့တယ်။
၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ နှစ်ဖက်ပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းကရော ပြည်သူ့တော်လှန်ရေးတပ်ဉီး PRF အဖွဲ့အစည်းက နိုင်ငံရေး၊ စစ်ရေးကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ အမှတ် ၈ စစ်ကြောင်း ဆိုပြီး စုဖွဲ့ဖြစ်တယ်။
အမှတ် ၈ စစ်ကြောင်းက နှစ်ဖက်အဖွဲ့အစည်းရဲ့ လက်နက်ကိုင်အင်အားစုတွေ ပါဝင်တဲ့ တပ်ပေါင်းစုစစ်ကြောင်းလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ နှစ်ဖက်စလုံး ပါဝင်တယ်။ နိုင်ငံရေး၊ စစ်ရေး ရည်ရွယ်ချက်တွေ ပါကြတယ်။
၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့တည်းက ခြေသံလုံလုံ လှုပ်ရှားခဲ့ကြတယ်။ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာ ရှိတယ်။ ရန်သူကို ကြားဖြတ်တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကျောင်းသားတော်လှန်ရေး အဖွဲ့ဖြစ်တဲ့ SRF ထပ်မံပါဝင်လာတယ်။ ၃ ဖွဲ့ဖြစ်လာတယ်။
မေး – အမှတ် ၈ စစ်ကြောင်း လှုပ်ရှားနယ်မြေ အကြောင်း ပြောပြပေးပါဦး။ အဲဒီနယ်မြေက ပြည်သူလူထုကရော ဘယ်လိုသဘောထားရှိလဲ။
ဖြေ – အမှတ် ၈ စစ်ကြောင်း လှုပ်ရှားနယ်မြေတွေကတော့ လတ်တလော မကွေးတိုင်းမှာ လှုပ်ရှားဖြစ်တယ်။ ပထမသက်တမ်းမှာရော အခု ဒုတိယသက်တမ်းမှာရော ကြားဖြတ်တိုက်ခိုက်တာတွေရှိတယ်။ ပခုက္ကူနယ်မှာ တိုက်ခိုက်တာတွေရှိတယ်။
ရန်သူကို ကြားဖြတ်တိုက်ခိုက်တယ်။ ရန်သူစခန်းကို ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ ကျွန်တော်တို့လုပ်တယ်။ ပထမကတော့ လိုင်းပေါ်ကြေညာတာမျိုးတွေ မလုပ်ဘူး။ မြေပြင်မှာပဲ ခြေသံလုံလုံလှုပ်ရှားတယ်။ အခု ၃ ဖွဲ့ဖြစ်တော့မှ လိုင်းပေါ်မှာ ကြေညာတာဖြစ်တယ်။
ကျွန်တော်တို့ လှုပ်ရှားခဲ့တဲ့ မြိုင်နယ်နဲ့ ပခုက္ကူနယ်တစ်ဝိုက်မှာတော့ အမှတ် ၈ စစ်ကြောင်းနဲ့ ပတ်သက်ရင် လူထုက အင်မတန်မှ ချစ်ခင်ကြတယ်။ အွန်လိုင်းမှာ အခုမှသိကြတာပေါ့။ လူထုက ချစ်စနိုးနဲ့ အမှတ် ၈ စစ်ကြောင်းကို ကြယ်နီစစ်ကြောင်း၊ ပင်နီစစ်ကြောင်း လို့ ခေါ်ကြတယ်။ ကျွန်တော်တို့က ဦးထုပ်ဆောင်းရင် ကြယ်နီဆောင်းလို့လေ။
ကျွန်တော်တို့ စစ်ကြောင်းကို မြင်ရင် လူထုက အားတက်တယ်။ ဖေးမကြတယ်။ လှူကြတန်းကြတယ်။ အမှတ် ၈ စစ်ကြောင်းကလည်း မြေပြင်မှာ နေရင် လူထုအပေါ်မှာ အများကြီး အခြေခံတယ်။
စည်းကမ်းသေဝပ်တဲ့ စစ်ကြောင်း တစ်ခုအနေနဲ့ ရှိတယ်။ လူထုကလည်း အမှတ် ၈ စစ်ကြောင်းကို အင်မတန်မှ ထောက်ခံပါတယ်။ ချစ်ခင်ကြပါတယ်။ ကြိုဆိုပါတယ်လို့ ပြောရမယ်။
မေး – နယ်မြေခံ MOD လက်အောက်ခံ တပ်ရင်းတွေနဲ့ ဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ – နယ်မြေခံ MOD လက်အောက်ခံ တပ်ရင်းတွေနဲ့ ကျွန်တော်တို့ ဆက်ဆံရေးက အင်မတန်မှ အဆင်ပြေပါတယ်။ စုပေါင်းလုပ်တယ်လို့ ပြောလို့ရတယ်။ ပထမသက်တမ်းမှာဆိုရင် ကျွန်တော်တို့ မြိုင်မြို့ပေါ်ကို တက်ပြီး ရန်သူစခန်းကို ဝင်ပစ်တာမျိုးတွေ ရှိတယ်ဆိုတော့ နယ်မြေခံ MOD တပ်ရင်းတွေ ပါတယ်။
နယ်မြေခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ အမှတ် ၈ စစ်ကြောင်းပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနေတယ်လို့ ပြောလို့ရမယ်။
နယ်မြေခံတပ်ရင်းတွေနဲ့ ကျွန်တော်တို့တွေ ပူးတွဲပြီး လှုပ်ရှားနေတယ်လို့ ပြောလို့ရတယ်။ အခုအချိန်ထိလည်း အဆင်ပြေပြေနဲ့လှုပ်ရှားနေတယ်လို့ပြောလို့ရပါတယ်။
မေး – ကိုလပြည့်တို့ အမှတ် ၈ စစ်ကြောင်းအနေနဲ့ ရေလာလေးစခန်းက ဘယ်နှခုမြောက် သိမ်းနိုင်ခဲ့တဲ့ စခန်းဖြစ်မလဲ။ အရင်ကရော စခန်းသိမ်းတာတွေလုပ်ဆောင်ခဲ့ဖူးလား။ ဘာကွာခြားချက်တွေရှိမလဲ။
ဖြေ – ဒီဇင်ဘာ ၁၁ ရက်မှာ ရန်သူရဲ့အထိုင်စခန်းတစ်ခုကို ဝင်သိမ်းနိုင်ခဲ့တယ်။ ရန်သူထိုင်ထားတဲ့ အထိုင်စခန်းတစ်ခု ဖြစ်တယ်။ ပြည်သူ့စစ်တွေရယ် စစ်တပ်က စစ်သားတွေ ပူးပေါင်းပြီး ထိုင်ထားတဲ့ အထိုင်စခန်းတစ်ခုဖြစ်တယ်။ ပြည်သူ့စစ်အထိုင်စခန်းက ဘေးပတ်ချာလည်က ရွာတွေကို မီးရှို့တယ်။ လုယက်ရိုက်နှက်တာမျိုးတွေ ရှိတယ်။
လမ်းတွေပေါ်မှာ တက်ပြီးကားတွေပေါ် ပေါ်တာဆွဲတာမျိုးတွေ ဆက်ကြေးကောက်တာမျိုးတွေ နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေတာမျိုးတွေ ရှိတယ်။ အလုပ်လုပ်နေတာကြာပါပြီ။ အဲဒီစခန်းရဲ့ ဒဏ်ကို ပြည်သူလူထုကလည်း ခံနေရာတာ နှစ်ချီနေပြီ။
ကျွန်တော်တို့ အမှတ် ၈ စစ်ကြောင်းကိုလည်း လူထုကဝင်တိုက်ပေးဖို့ပြောတယ်။ ပြည်သူလူထုရဲ့တောင်းဆိုချက်ကြောင့် ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ရတယ်။ အဲဒီရွာက ပြည်သူ့စစ်တွေထိုင်တာ တပ်မ ၁၀၁ က စစ်သားတွေလည်း ပါတယ်။
ညောင်ရှစ်ပင် အထိုင်စခန်းတစ်ခုရှိသေးတယ်။ အဲဒီစခန်းတွေက ပြည်သူလူထုတွေကို နည်းမျိုးစုံဒုက္ခပေးနေတာပေါ့။ ကံမကနေ ပခုက္ကူကို သွားတဲ့လမ်းဘေးမှာရှိတဲ့ ရွာဖြစ်တယ်။ ဖြတ်သန်းလာတဲ့ ခရီးသည်တွေ ကုန်ကားတွေ အကုန်လုံးကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ညှဉ်းပန်းနေတာမျိုးတွေ ရှိတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒါမျိုးကို အကြာကြီး ထားလို့မရဘူး။ ကျွန်တော်တို့က ဝင်ရောက်တိုက်ခိုက်ရတာပါ။
စခန်းသိမ်းတိုက်ပွဲဆိုလို့ကတော့ ဒီတစ်ပွဲထဲ ကျွန်တော်တို့ ရှိပါဦးမယ်။ ရှေ့ပိုင်းမှာတော့ ကျွန်တော်တို့ အမှတ် ၈ စစ်ကြောင်းသည် ပထမသက်တမ်း၊ ဒုတိယသက်တမ်းရှိမယ်။ ပထမသက်တမ်းပြီးတဲ့ အချိန် ကြားထဲမှာ ခဏနားတဲ့ အချိန်ရှိမယ်။
နားတဲ့ကြားကာလမှာတော့ ကျွန်တော်တို့တွေ သိမ်းပိုက်ခဲ့တာတော့ ရှိတယ်။ အမှတ် ၈ အနေနဲ့တော့ မဟုတ်တော့ဘူး။ အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေပဲ ပြန်ပါနေတယ်။ ကျွန်တော်တို့အဖွဲ့ရယ် ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်တွေရယ် အားလုံးပေါင်းပြီးတော့ ဒီအမှတ် ၈ စစ်ကြောင်းရဲ့ ပထမသက်တမ်းက ပေါင်းစည်းမှုတွေ နောက်ဆက်တွဲရလဒ်တွေ ပြောလို့ရတာပေါ့။
အမှတ် ၈ အနေနဲ့ကတော့ စခန်းသိမ်းတယ်ဆိုရင် အခုဒုတိယသက်တမ်းမှာ တစ်ပွဲပဲရှိဦးမယ်။ ပထမနဲ့ ဒုတိယကြားမှာ သိမ်းခဲ့တာတော့ ၃ ခုလောက်ရှိမယ်။
မေး – အညာဒေသမှာ EAO တွေရဲ့ အကူအညီမပါဘဲ စခန်းသိမ်းတာတွေလုပ်နိုင်ခဲ့တာက ဘာကြောင့်လို့ ယူဆပါသလဲ။ ထပ်ပြီးတော့ရော နောက်ထပ်စခန်းသိမ်းတိုက်ပွဲတွေ မြင်ရဖို့ ရှိမလား။ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ။
မေး – EAO တွေ မပါဘဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ခဲ့ကြတာတော့ ကျွန်တော်ယူဆချက်ကတော့ ၃ နှစ်တာ ဖြတ်သန်းခဲ့တယ်။ နိုင်ငံရေးအတွေ့အကြုံ စစ်ရေးအတွေ့အကြုံ ပြည့်ဝလာတယ်လို့ ယူဆရတယ်။ အဲဒါကြောင့်လည်းပါတယ်။ အရင်တုန်းကလို တစ်စုတစ်ဖွဲ့တည်း လုပ်ကြတာ မဟုတ်ဘူး။
တပ်ပေါင်းစု သက်တမ်းနဲ့လုပ်ကြတယ်။ တပ်ပေါင်းစု နေရာမှာ တကယ်ကို ကျွန်တော်တို့ စကားတွေ အများကြီးပြောထားကြတယ်။ အများကြီးရဲဘော်ရဲဘက် စိတ်ဓာတ်ပေါက်အောင် လုပ်ခဲ့ကြတယ်။ စုဖွဲ့မှုကို တကယ်ကို အင်တိုက်အားတိုက် လုပ်ခဲ့ကြတယ်။
စုဖွဲ့မှု တပ်ပေါင်းစုဆိုတဲ့ နေရာမှာ လုပ်နိုင်ခဲ့လို့သာ အညာဒေသမှာ စခန်းသိမ်းတိုက်ပွဲလုပ်နိုင်တယ်လို့ ကျွန်တော်ကယူဆတယ်။ အရေးကြီးတာက စုပေါင်းစွမ်းအားပေါ့။ စုပေါင်းစွမ်းအားကြောင့် စခန်းသိမ်းတိုက်ပွဲလုပ်နိုင်တယ်လို့ ကျွန်တော်က အဓိကအနေနဲ့ယူဆတယ်။
မေး – PAO/PDA အနေနဲ့ရော လတ်တလောမှာ ဘာတွေ လုပ်ဆောင်နေတာ ရှိမလဲ။
ဖြေ – နောက်ပိုင်းမှာတော့ နောက်ထပ်စခန်းသိမ်းတွေ မြင်ရဖို့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့လည်း နောက်ထပ်ကြိုးစားမှုတွေ ရှိနေပါသေးတယ်။ နောက်လည်း အများကြီးမြင်ရဦးမယ်။ စခန်းသိမ်းတိုက်ပွဲတွေ။
စိန်ခေါ်မှုတွေကတော့ အညာဒေသက ပြည်မမှာ ဖြစ်တာကြောင့်မို့လို့ လက်နက်ခဲယမ်း လိုအပ်ချက်တွေက တော်တော်မြင့် မြင့်မားမားရှိတယ်။ လက်နက်ခဲယမ်းရောက်ဖို့က အညာဒေသကို ခက်တယ်။ ရောက်ဖို့ကလည်း စရိတ်အင်မတန်မှ ကြီးတယ်။
အလှူငွေကလည်း အညာဒေသမှာ ရတာနည်းတယ်။ EAO နယ်မြေထက်စာရင် အညာဒေသမှာ ရတာနည်းတယ်။ EAO နယ်မြေမှာ ၄၅၀၀ လောက်နဲ့ဝယ်ရရင် အညာဒေသမှာ တစ်သောင်းလောက်နဲ့ ဝယ်ရတယ်။ ထွက်ငွေကများတယ်။
ကျည်တစ်ထောင်ကို တစ်သောင်းလောက်ပေးဝယ်ရတဲ့ အတိုင်းအတာ ရှိတယ်။ လိုသလောက်ရလားဆို မရဘူး။ လက်နက်ခဲယမ်းလိုအပ်ချက်က ရှိတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်းမဟုတ်ဘူး။ မဟာမိတ်အဖွဲ့တွေမှာလည်း ဒီပြသာနာကို ရင်ဆိုင်နေရတယ်။
ဘဏ္ဍာရေးနဲ့ လက်နက်ခဲယမ်းအကြပ်အတည်း ဒီစိန်ခေါ်မှုတွေက ရှိနေသေးတယ်။ အဲဒီအကြပ်အတည်းကို ရောက်အောင်ကျော်လွှားပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ လုပ်သွားဖို့ ရှိပါတယ်။ အများကြီးလည်း ထပ်ပြီးမြင်ရဦးမှာ။
အမှတ် ၈ စစ်ကြောင်းကို ပိုပြီးတော့ ကောင်းမွန်တဲ့ စစ်ကြောင်း ဖြစ်ဖို့ ပိုပြီးအားကောင်းတဲ့ အစုအဖွဲ့တစ်ခုဖြစ်လာဖို့ ရန်သူကို ထိုးနှက်နိုင်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်လာနိုင်ဖို့ တည်ဆောက်နေတယ်။
အမှတ် ၈ စစ်ကြောင်းမှာ တခြားအဖွဲ့တွေ ထပ်မံ ပါဝင်လာအောင် အဖွဲ့အစည်းအနေနဲ့ ကြိုးစားနေတာရှိတယ်။ မဟာမိတ်တွေထပ်ပြီး စုနေတာရှိတယ်။ ထပ်ပြီးမဟာမိတ်တွေကို ရှာဖွေနေတယ်။ ရန်သူနဲ့စခန်းတွေကို တိုက်ခိုက်ဖို့ ခြေသံလုံလုံနဲ့ လှုပ်ရှားနေတယ်။
မေး – အညာဒေသ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ ပြည်သူလူထုကို ဘယ်လို တိုက်တွန်းတောင်းဆိုချင်လဲ။
ဖြေ – ၃ နှစ်တာအတွင်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေက ရင့်သန်လာတာမျိုး ရှိတယ်။ အမှားတွေကို ကျွန်တော်တို့ သင်ခန်းစာယူတယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ အောင်ပွဲတွေရလာတာမျိုးတွေ ရှိတယ်။ ထပ်ပြီးတော့ အောင်ပွဲတွေ ရလာဖို့လည်းရှိနေတယ်။
သိပ်မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်က အကြာကြီး ရပ်တည်နိုင်မှာမဟုတ်တော့ဘူး။ ပြိုကျပျက်စီးတော့မယ်။ အညာဒေသမှာလည်း အားတင်းထားဖို့နဲ့ ထပ်ပြီးတော့ ကူညီပံ့ပိုးပေးဖို့ ဝိုင်းဝန်းပြီးဖေးမပေးကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်းသည် လူထုကို အားပြုထားတာဖြစ်တော့ လူထုက မကူညီဘူးဆိုရင် ရှေ့ဆက်သွားပြီးတော့ အားနည်းတဲ့အနေအထားမှာ ဖြစ်လာမယ်။
အညာဒေသအနေနဲ့ ကျွန်တော်တို့က ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အတွက် ကျွန်တော်တို့ကို ကူညီပံ့ပိုးပေးဖို့ တောင်းဆိုချင်တယ်။ တဖက်မှာလည်း ကျွန်တော်တို့တွေ ကြိုးစားမှုနဲ့တဖြည်းဖြည်း အရာထင်လာတာ ဖြစ်တာကြောင့် အောင်ပွဲတွေလည်း နောက်လည်း ထပ်ရလာမှာဖြစ်လို့ အညာဒေသက လူထုအားတင်းထားစေချင်တယ်။ ယုံကြည်ချက် ပြင်းပြင်းထန်ထန်ထားစေချင်တယ်။
စစ်အာဏာရှင်စနစ်ကို သေချာပေါက် ငါတို့တွေ နိုင်ကို နိုင်ရမယ်။ ဖြိုဖျက်နိုင်ရမယ်ဆိုတာမျိုး ယုံကြည်ချက်ထားစေချင်တယ်။
သံလွင်တိုင်းမ်