ဆိုးလ်၊ ဒီဇင်ဘာ ၂၄

စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းဖို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ မအောင်မြင် ဖြစ်ခဲ့ရတဲ့ ကြိုးပမ်းမှုအား စုံစမ်း စစ်ဆေးမယ့် အထူးကောင်စီ ဖွဲ့စည်းရေး ဥပဒေကို အတည်ပြုဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ယာယီသမ္မတ ဟန်ဒက်ဆူးကို စွပ်စွဲ ပြစ်တင်သွားမယ်လို့ အတိုက်အခံပါတီက ဒီဇင်ဘာ ၂၃ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ စွပ်စွဲ ပြစ်တင်ခံရပြီး ရာထူးက ထုတ်၊ မထုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ စစ်ဆေးမှုနဲ့ ရင်ဆိုင်နေရသူ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ နေရာကို ဝန်ကြီးချုပ် ဟန်ဒက်ဆူးက လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း အမတ်နေရာ အများစု ရရှိထားတဲ့ ဒီမိုကရက်တစ်ပါတီက ပုန်ကန်မှုအပါအဝင် တခြားစွဲချက်တွေနဲ့ ကွန်ဆာဗေးတစ် သမ္မတ ယွန်အပေါ် စွဲချက်တင်နိုင်ဖို့ အထူးကောင်စီ ဖွဲ့စည်းမယ့် ဥပဒေကြမ်းကို အခုလအတွင်း အတည်ပြုခဲ့ပါတယ်။

အတိုက်အခံတွေဘက်က စွဲချက်တင်ရေး ကြိုးပမ်းမှုမှာ သမ္မတဟောင်း ယွန်ရဲ့ ဇနီးနဲ့ပတ်သက်တဲ့ ဈေးကြီးတဲ့ လက်ကိုင်အိတ်တွေ အသုံးပြုမှုနဲ့ အခြား စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးရေးလည်း ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းရာမှာ သမ္မတဟောင်း ယွန်ကို ယာယီသမ္မတ ဟန်က ကူညီခဲ့တယ်လို့ အတိုက်အခံပါတီက စွပ်စွဲထားပြီး ရဲတပ်ဖွဲ့ဆီ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

Protesters attend a rally against South Korea’s impeached President Yoon Suk Yeol, who declared martial law, which was reversed hours later, in Seoul, South Korea, December 21, 2024. REUTERS/Kim Soo-hyeon

လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကို ဒီဇင်ဘာ ၂၄ ရက် ရောက်လို့မှ ယာယီ သမ္မတ ဟန်က အတည်မပြုပေးဘူးဆိုရင် သူ့ကို စွပ်စွဲ ပြစ်တင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောကြားထားတာပါ။

အခုလို ကြန့်ကြာနေတာက ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံနဲ့ အညီ လုပ်ဆောင်လိုတဲ့ ဆန္ဒ မရှိကြောင်း ဖော်ပြနေတယ်လို့ အတိုက်အခံပါတီက ပြောကြားထားပါတယ်။

ယာယီ သမ္မတ ဟန်ဟာ တောင်ကိုရီးယား နိုင်ငံရေးလောကရဲ့ ခေါင်းဆောင်ပိုင်းမှာ ရပ်တည်လာခဲ့တာ နှစ် ၃၀ ကြာပြီ ဖြစ်ပြီး ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်သမ္မတတွေ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို သမ္မတ ယွန်က ၂၀၂၂ အတွင်း ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။အခုလို အတိုက်အခံတို့ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ ယာယီသမ္မတ ရုံးက မှတ်ချက် မပေးသေးပါဘူး။

ဒါပေမဲ့ သမ္မတဟောင်း ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမယ့် အစီအစဉ်ကို တားဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် မတားဆီးမိခဲ့တဲ့အတွက် တောင်းပန်ကြောင်း ယာယီသမ္မတက ပြောဆိုခဲ့ဖူးပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.