ရန်ကုန်၊ ဒီဇင်ဘာ ၂၄

လက်နက်ကိုင် ခုခံတော်လှန်စစ်ကြောင့် စိုးမိုးမှုနယ်မြေများစွာ ဆုံးရှုံးလာချိန်မှာ တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေး ပြကွင်းမှာပြုလုပ်တဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့တာပါ။

တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ စုစည်းညီညွတ်ဖို့ အထူးလိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် တပ်တွင်းစည်းလုံးညီညွှတ်ရေး တည်ဆောက်ရမှာ အဆင့်ဆင့်သော ခေါင်းဆောင်တွေအနေနဲ့ ညီညွှတ်မျှတတဲ့အမိန့်၊ လူ့သဘောသဘာဝကို နားလည်စွာ ကွပ်ကဲအုပ်ချုပ်မှုတို့နဲ့ ပုံဖော်တည်ဆောက်သွားရမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၉၁ မြို့အထိ ဆုံးရှုံးလာရတဲ့ စစ်ခေါင်းဆောင်ဟာ တပ်တွင်းစည်းလုံးညီညွှတ်ရေး ဆောင်ရွက်ကြဖို့ မကြာ ခဏဆိုသလို တိုက်တွန်းနေတာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ အခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုအထိ လက်လွှတ်ဆုံးရှုံးထားရသလို ရခိုင်ပြည်နယ်တစ်ခုလုံးကိုလည်း အာရက္ခတပ်တော် AA က သိမ်းပိုက်တော့မယ့် အခြေအ နေနဲ့ ကြုံနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.