ဘေဂျင်း၊ ဒီဇင်ဘာ ၂၃
ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချမှုနဲ့ အကူအညီ ပေးပို့ကြောင်း အမေရိကန်ရဲ့ နောက်ဆုံး ကြေညာချက်ကို တရုတ်အစိုးရက ဒီဇင်ဘာ ၂၂ ရက်မှာ ကန့်ကွက်လိုက်ပြီး အဲဒီလို လုပ်ဆောင်ချက်ဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်အတွက် စစ်ပညာ လေ့ကျင့်သင်ကြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်နဲ့ ဝန်ဆောင်မှုတွေအတွက် ကန်ဒေါ်လာ ၅၇၁ သန်းအထိ ပေးအပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၁ ရက်မှာ ခွင့်ပြုခဲ့ပါတယ်။
သီးခြားအနေနဲ့ ထိုင်ဝမ်သို့ ကန်ဒေါ်လာ ၂၉၅ သန်း တန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းချရေး ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ထိုင်ဝမ်သို့ လက်နက် ရောင်းချနေမှု ရပ်တန့်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပြီး အမေရိကန်ရဲ့ လုပ်ရပ်ဟာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အားလျော့စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူဦးရေ ၂၃ သန်းရှိတဲ့ ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ မိမိတို့ ပိုင်ဆိုင်တဲ့ဒေသဖြစ်တယ်လို့ တရုတ်အစိုးရက ပြောဆိုထားပြီး မိမိတို့ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိရေး အင်အားသုံးဖို့ လိုရင် အင်အားသုံးမှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်ရဲ့ စစ်လက်နက် ရောင်းချမှုနဲ့ အကူအညီ ပေးအပ်မှုတွေက ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း တိုးတက်လာစေဖို့နဲ့ တရုတ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုကို တားဆီးရေး အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အမေရိကန်က အလားတူ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာနှောင်းပိုင်းကလည်း ထိုင်ဝမ်သို့ စစ်ရေး အကူအညီ ကန်ဒေါ်လာ ၅၆၇ သန်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်အစိုးရက လက်နက် ရောင်းချခွင့် နှစ်ကြိမ်ကို ခွင့်ပြုပေးမှုကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပြီး အမေရိကန်က မိမိတို့ ကာကွယ်ရေးအတွက် ဆက်လက် ကတိတည်နေဆဲ ဖြစ်တယ်လို့ လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
Ref:AP