နေပြည်တော် ၊ ဒီဇင်ဘာ ၂၂
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးရှုံးနိမ့်မှုတွေများစွာ ရင်ဆိုင်နေရတဲ့အတွက် အခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုကို ရှေ့ဆင့်နောက်ဆင့် လက်လွှတ်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။
ပူပူနွေးနွေး လက်လွှတ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိယမြောက် ဆုံးရှုံးမှုအဖြစ် ကြုံတွေ့နေချိန် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက နေပြည်တော်မှာ ပွဲတက်မပျက်ခဲ့ကြပါဘူး။
အရေးပေါ်ကာလအဖြစ် ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက တည်ငြိမ်အေးချမ်းတယ်ဆိုတဲ့ အရိပ်အယောင်တွေပြသဖို့ အမျိုးသားအားကစားပွဲတော်ကို တခမ်းတနား ကျင်းပခဲ့ပါတယ်။
အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနေ့မှာ မောင်တောအခြေစိုက် နယ်ခြားစောင့်တပ် နခခ ၅ ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ ပိတ်ပွဲမှာတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ အလုံးစုံဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က ရှုံးနိမ့်မှုတွေကို နှုတ်ဆိတ်နေပြီး ပွဲအခမ်းအနားမှာတော့ စစ်ခေါင်း ဆောင်က အခက်အခဲတွေကြားက တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို အ သိအမှတ်ပြုတယ်လို့ မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီးဇေယျက ကျရှုံးမှုတွေကို စစ်ကောင်စီက ပေါ်တင်ဝန်မခံရဲတဲ့အနေအထားမို့ ဘာမှမဖြစ်သေးဘူးဆိုတဲ့ပုံစံနဲ့ ဟန်ဆောင်နေတာလို့ ပြောပါတယ်။
“သူတို့ ရှုံးတယ်ဆိုပေမယ့်လည်း သူတို့ နှုတ်ဆိတ်တယ်။ အဓိကသူတို့အတွက် ဘာမှမဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဟန်ဆောင်ပြီး ပွဲလမ်းသဘင်တွေ တောက်လျှောက်လုပ်လာတာ။ ဒါကြောင့် အဓိကတော့ သူတို့ရဲ့ ကျရှုံးမှုတွေ အထဲကလူတွေ စိတ်ဓာတ်ပျက်ပြားမှာစိုးလို့ အရှုံးကို ပေါ်တင်ဝန်မခံရဲတဲ့ အနေအထား။ ဒါကတော့ အခုမှမဟုတ်ဘူး။ အရင်ကတည်းက တောက်လျှောက်ပဲ။ သူတို့ ဘယ်လောက်ခံရခံရ ဒါသူတို့ဘက်က ရှုံးနိမ့်မှုကို ထိန်ချန်ထားတာက သူတို့ ရဲ့သဘောတရားပါပဲ” လို့ ဆိုပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်ခဲ့တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်း ရှေ့တန်းမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ငွေကြေးထောက်ပံ့တာ၊ အစားအသောက်တွေ ချက်ပြုတ်ပို့ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံပိုင်သတင်းစာတွေမှာ ရှေ့တန်းရောက်တပ်မတော်သားတွေအတွက်ဆိုပြီး ဝန်ကြီးဌာနတွေ လုပ်ငန်းရှင်တွေက ငွေကြေးလှူဒါန်းပြီး အစားအသောက်တွေ ချက်ပြုတ်ပို့ဆောင်တဲ့ ပုံရိပ်တွေ ဝေဝေဆာဆာ ဖော်ပြခဲ့တာပါ။
ဒါပေမယ့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ချိန်ကနေ လက်ရှိရ ခိုင်စစ်မျက်နှာ အရေးနိမ့်မှုတွေအထိ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အလားတူ စိတ်ဓာတ်မြှင့်တင်ရေးတွေ လုပ်ဆောင်တာ မတွေ့ရပါဘူး။
မြေပြင်တိုက်ပွဲအခြေအနေတွေကိုလည်း စစ်ကောင်စီက တန်ပြန်ထုတ်ပြောတာ မရှိတဲ့အတွက် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတောင် တစ်ဘက်အဖွဲ့ရဲ့ အတည်ပြုထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေရတာမျိုးပါ။
CDM ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီးကောင်းသူဝင်းက သမိုင်းတလျှောက် အနိမ့်ပါးဆုံးအခြေအနေကို ရောက်နေတဲ့အတွက် တပ်ဖွဲ့ဝင်တွေဟာ စစ်တပ်အပေါ် ယုံကြည်ကိုးစားမှု အများကြီး လျော့နည်းလာတယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“စစ်ကောင်စီက လက်ရှိအနေအထားမှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအခြေအနေပေါ့။ အညံ့ဖျင်းဆုံးအခြေအနေ။ သူတို့ရဲ့ အနိမ့်ပါးဆုံးအခြေအနေကို ရောက်နေတယ်။ ဒါ့အပြင် သူတို့ရဲ့ အ တွင်းထဲမှာရှိနေတဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က စစ်တပ်အပေါ် ယုံကြည်ကိုးစားမှု အများကြီးလျော့နည်းလာတယ်။ မဖြစ်လို့သာ တပ်ထဲမှာနေနေရတာ။ တချို့တွေကျတော့ စစ်တပ်က လုပ်နိုင်စွမ်းကုန်သွားပြီဆိုတဲ့အထိကို ယုံကြည်နေရတဲ့ အနေအထားမျိုးဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံမှာ ပြည်တွင်းပြည်ပအန္တရာယ်တွေ ဝင်ရောက်စွက်ဖက်မှုတွေ ကြုံ တွေ့နေရချိန်ဖြစ်လို့ အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုတွေကို ညီညွတ်တဲ့ စိတ်ဓာတ်နဲ့ ကာကွယ်ဖို့ လိုတယ်လို့ အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားမှာ ပြောသွားပါတယ်။
အခုလို အားကစားပွဲတော်ကို ကျင်းပနိုင်ခဲ့တာဟာ နိုင်ငံကိုလုံခြုံအောင်ကာကွယ်ပေးနေတဲ့ သူရဲ ကောင်းတွေ ရှိနေခြင်းကြောင့်ဖြစ်လို့ ကျဆုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ တော်လှန်ထိုးစစ်တွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ လောက်ကို ဆုံးရှုံးခဲ့ရသလို တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်ထားရတာပါ။
တစ်ဘက်မှာ မြေပြင်တိုက်ပွဲတွေအတွင်း တပ်အင်အားပြုန်းတီးတာ၊ ထွက်ပြေးတာ၊ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေလည်း ရှိနေတဲ့အတွက် အင်အားဖြည့်တင်းဖို့ လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးတာလည်း ရှိနေပြန်ပါတယ်။
ဒီလိုမျိုးဆိုးရွားလာတဲ့ အခြေအနေမှာ အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်ဖို့ ထောက်ပြတာလည်း ရှိနေတာပါ။
ဗိုလ်ကြီးကောင်းသူဝင်းကတော့ လက်ရှိစစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ ပြာယာခတ်မှုအပေါ် အခြားဒေသက တပ်ရင်းတွေကို ထိုးစစ်ဆင်တာ အောင်မြင်နိုင်ပေမယ့် ပြည်မက တိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ မဟာဗျူဟာ၊ အင်အား၊ လက်နက်ခဲယမ်းစတာတွေ လိုအပ်ဦးမယ်လို့ မှတ် ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/Social Media