အမ်း၊ ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ရခိုင်စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အပြည့် အဝထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အမ်းမြို့အခြေစိုက် နပခစစ်ဌာနချုပ် တိုင်းစစ်ရုံးအတွင်းရှိ လက်ကျန်နေရာအားလုံးကို AA က ဒီ ဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ။

နပခစစ်ဌာနချုပ်အတွင်း လက်ကျန်နေရာအာလုံးကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီးဖြစ်သလို စစ်ကောင်စီမှ လေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့ မရပ်မနား ပစ်ကူပေးနေတဲ့အပြင် ရဟတ်ယာဉ်နဲ့ လေကြောင်းမှ အင်းအား ၁၅၀ နီးပါးကို သုံကြိမ်ကြိမ်တိုင်တိုင် စစ်ကူပေးနေတဲ့ကြားမှ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်းမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တာကြောင့် အမ်းမြို့အပါအဝင် အာရက္ခပြည်သူ့တော်လှန်အစိုးရမှ အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ နယ် ၁၄ မြို့နယ်ရှိလာခဲ့ပြီးလို့ AA က ဆိုပါတယ်။

တစ်ဖက်မှာလည်း ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို ဂွမြို့ရဲ့ သုံးပုံနှစ်ပုံနီးပါး သိမ်းပိုက်ရရှိထားပြီလို့ အသိပေးထားပါတယ်။

ဒါကြောင့် ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ဒေသအတွင်းမှာ ဆက်လက်သိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ ကျန်ရှိတော့တယ်လို့ အာရက္ခတပ်တော် AA က ဆိုထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်ထဲက ၁၃ မြို့ကို အာရက္ခတပ်တော် AA က အပြည့် အဝ ထိန်းချုပ်ထားပြီး ဂွမြို့ရဲ့ တစ်ဝက်ကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်သလို ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.