ဘန်ကောက်၊ ဒီဇင်ဘာ ၂၁
လာမယ့်နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလိုရှိလိမ့်မယ်လို့ ထိုင်းက မြန်မာစစ်ကောင်စီကို ပြောကြားထားကြောင်း ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ချမှတ်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ရင် အာဆီယံအဖွဲ့ဝင်တွေက သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ဆန္ဒရှိမှာဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်က အာဆီယံအဖွဲ့ ဝင်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းက အခုသီတင်းပတ်အတွင်း မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ သီးခြား အစည်းအဝေး နှစ်ခုကို လက်ခံ ကျင်းပခဲ့ပါတယ်။
ဒါဟာ အာဆီယံအဖွဲ့ဝင်တွေနဲ့ အစည်းအဝေးကျင်းပပြီးနောက် တရုတ်၊ ဘင်္ဂလားဒေ့ချ်နဲ့ အိန္ဒိယအပါအဝင် မြန်မာအိမ်နီးချင်းတွေနဲ့ စစ်ကောင်စီပါဝင်တဲ့ ပထမဆုံး အစည်းအဝေး ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေး လမ်းပြမြေပုံကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ရှင်းပြခဲ့ပေမယ့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အတိုက်အခံပါတီ မပါဝင်တဲ့ ရွေးကောက်ပွဲဟာ အရှက်ရစရာ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ပြဿနာအတွက် အဖြေရှာရာမှာ မြန်မာကို ထောက်ခံကြောင်း အိမ်နီးချင်းတွေက ပြောကြားထားပေမယ့် ရွေးကောက်ပွဲ ကျင်းပရင် သက်ဆိုင်သူတွေအားလုံး ပါဝင်စေလိုတယ်လို့ ဝန်ကြီး မာရစ်က ပြောပါတယ်။
မြန်မာ့ပြဿနာကို ဖြေရှင်းရေး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် စွဲကိုင်ထားဆဲ ဖြစ်ကြောင်းလည်း ဝန်ကြီး က ပြောပါတယ်။
စစ်ကောင်စီ ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက် အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား အစည်းအဝေးမှာ စစ်ကောင်စီ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပေမယ့် ရွေးကောက်ပွဲ အစီအစဉ် အသေးစိတ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တင်ပြမှုတွေကို စောင့်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆန် ဝေတောင်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုအတွက် သက်ဆိုင်ရာနိုင်ငံ အဖွဲ့အစည်းအားလုံးက ထောက်ခံ ကူညီသင့်တယ်လို့ ပြောကြားထားပါတယ်။
Ref:Bangkokpost