မော်လမြိုင်၊ ဒီဇင်ဘာ ၂၁
နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇူလိုင် ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၃၆ ဦးနဲ့ အမျိုးသား ၁၅၁ ဦး၊ စုစုပေါင်း ၂၈၇ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၇ ဦးပါဝင်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၉၀ ဦးနဲ့ အများဆုံးဒေသ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာထဲ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် စစ်ရှောင်ဖို့ ရောက်ရှိနေတဲ့ ဆေးရုံသစ်ရပ်ကွက်နေ ဒေါ်မသိန်းနဲ့ သာယာအေးကျေးရွာနေ မောင်ကျော်သက်နိုင်တို့ ဗုံးစထိမှန် သေဆုံးခဲ့တာပါ။
အဲဒီဗုံးကြဲမှုကြောင့် အနီးအနားရှိ ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက အမျိုးသမီးငယ်တစ်ဦးဟာ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ လက်ပါး စေတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၀၆၉ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA