ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁

လာမယ့် ဇန်နဝါရီလ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရုံးက ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို သံတမန်နည်းလမ်းအရ တရားဝင် အသိအမှတ်ပြုမထားပေမယ့် ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံရဲ့ ဗျူဟာမြောက် မဟာမိတ် ဖြစ်ပြီး အဓိက လက်နက် ထောက်ပံ့ပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

မကြာသေးခင်နှစ်တွေက ထိုင်ဝမ်ကို နိုင်ငံရေးအရရော စစ်ရေးအရပါ ဖိအားတွေ အရှိန်မြှင့်ပေးနေတဲ့ တရုတ်က ထိုင်ဝမ်သို့ လက်နက် ထောက်ပံ့ပေးနေတာတွေ ရပ်ဆိုင်းဖို့ အမေရိကန်ကို အကြိမ်ကြိမ် သတိပေးထားပါတယ်။

ထိုင်ဝမ်ဟာ မိမိတို့ပိုင်ဆိုင်တဲ့ဒေသ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောထားပြီး မိမိတို့ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိရေး လိုအပ်ပါက စစ်အင်အား သုံးမယ်လို့ ပြောဆိုထားပါတယ်။

တရုတ်ဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောထားပါတယ်။

တရုတ်က ဂျပန်တောင်ပိုင်းရှိကျွန်းတွေအနီးကနေ တောင်တရုတ် ပင်လယ်အထိ စစ်သင်္ဘော အစီး ၉၀ ချထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ ဘေဂျင်းအစိုးရက အတည်ပြု ပြောဆိုထားတာ မရှိပါဘူး။

ဒီမိုကရက်သမ္မတ ဘိုင်ဒန်က ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ ဒဿမ ၃ သန်း ပေးခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် အသေးစိတ်ကို ဖော်ပြမထားပါဘူး။

အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၅၇၆ သန်း ပေးအပ်ခဲ့ပြီးနောက် သုံးလ မပြည့်ခင်မှာပဲ ငွေကြေးအကူအညီတွေ ထပ်မံ ပေးအပ်ကြောင်း ကြေညာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ထံပေးအပ်တဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေကို တရုတ်က ဒေါသတကြီး တုံ့ပြန်လေ့ရှိပြီး အမေရိကန်ဟာ မိမိတို့ပြည်တွင်းရေးမှာ ကြားဝင် ခြယ်လှယ်နေတယ်လို့ စွပ်စွဲထားပါတယ်။

တရုတ်က ထိုင်ဝမ်အနီးသို့ နေ့တိုင်းနီးပါး စစ်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.