ရေဖြူ၊ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကုန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
အင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ကံပေါက်ဒေသ ရေကန်တောင်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်တစ်နီးပါးအကြာ ဖြစ်ပွားပြီးနောက် ဆက်သွယ်ရေးစခန်းကုန်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး စခန်းကုန်းအတွင်းရှိ ဘားတိုက်နဲ့ အဆောင်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် မဟာမိတ်ပူးပေါင်းတပ်တွေဘက်က အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး တပ်သားတစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါနတပ်ခွဲ ၆ ရေဖြူမြို့နယ် ဝေဟင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြူဖွေးက သံလွင်တိုင်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA1 သေနတ် ၃ လက်၊ ကျည် ၅၇၈ တောင့်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တစ်လက်နဲ့ ကျည် ၁၁ တောင့်၊ ၄၀ မမ ကျည် ၃၆ တောင့်၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ကျည်ဘောက်တွေအပြင် ဖုန်းနဲ့ ကွန်ပျူတာတစ်လုံး သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီနောက် တာ်လှန်ရေးတပ်ဖွဲ့တွေဟာ ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၇၃ ခြေမြန်တပ်ရင်း ဗဟိုကင်းကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ထေုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ဒေါနတပ်ရင်းမှ တပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ တပ်ခွဲ-၇ (LPF) နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ TPLF-Drone Team၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူပကဖနဲ့ သာဂရစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ရေဖြူမြို့နယ် ရပ်တော်မူဘုရားအနီးရှိ စစ်ကောင်စီတပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတို့ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF