ဆိုးလ်၊ ဒီဇင်ဘာ ၂၀
ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ သူတို့နိုင်ငံရဲ့ စစ်သားတွေကို လျှော့မတွက်သင့်ဘူးလို့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယား စစ်သားတွေဟာ ထမင်းမစားရဘဲ ပြောင်းဆန်နဲ့ပဲ အသက်ရှင်နိုင်သလို စည်းကမ်း လိုက်နာမှု အပိုင်းမှာလည်း အားကောင်းကြတယ်လို့ တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက ပြောကြားလိုက်တာပါ။
ယူကရိန်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတဲ့ ကာ့စ်ဒေသမှာ ရုရှား တပ်တွေကို ကူညီပြီး တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သား ၁၀၀ ကျော်လောက် သေဆုံးသွားပြီလို့ တောင်ကိုရီးယားက ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ရုရှားမှာ မြောက်ကိုရီးယားရဲ့ ဂုဏ်သတင်း မထိခိုက်စေလိုတဲ့အတွက် နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်က တိုက်ရည်ခိုက်ရည် အတိုင်းအတာ တစ်ခုအထိ ရှိထားပြီးသား စစ်သားတွေကို စေလွှတ်ထားတာ ဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ရုရှားစစ်သားတွေကြား ဘာသာစကား အခက်အခဲ ရှိနေပြီး မြောက်ကိုရီးယား စစ်သားတွေက နားလည်မှု လွဲပြီး ပစ်ခတ်လိုက်တာကြောင့် ရုရှား စစ်သား ၈ ဦး သေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောကြားထားပါတယ်။
မြောက်ကိုရီးယားစစ်သားတွေရဲ့ အစိုးရအပေါ် သစ္စာ စောင့်သိမှုနဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်က စံတင်လောက်တယ်လို့ မြောက်ကိုရီးယား ပြည်ပြေးတွေက ပြောဆိုထားတာပါ။
မြောက်ကိုရီးယား စစ်သားတွေဟာ အထက်က အမိန့်ပေးလိုက်ရင် လုံးဝ မေးခွန်း မထုတ်ဘဲ လိုက်နာ လုပ်ဆောင်သူတွေ ဖြစ်တယ်လို့ စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်သားတွေကို ဦးနှောက် ဆေးကြောထားသလို အခက်အခဲတွေ အမျိုးမျိုးကြားထဲ ဆက်လက် ရှင်သန်ရေး နည်းလမ်းတွေလည်း လေ့ကျင့်သင်ကြားထားပြီး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
နောက်ထပ် မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားသို့ လိုက်ပါ တာဝန် ထမ်းဆောင်ပေးရတဲ့အတွက် ကြီးကြီးမားမား ဆုလဒ်မျိုး ပြန်ရမယ်လို့ မျှော်လင့်နေကြကြောင်းလည်း မြောက်ကိုရီးယား စစ်သားဟောင်းတွေက ပြောဆိုထားပါတယ်။
Ref:BBC