မကွေး ဒီဇင်ဘာ ၂၀
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကိုဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၄ ရွာက ဒေသခံ ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေညှစ်နေတာလည်း ဖြစ်ပါတယ်။
“ဖမ်းဆီးခံရတဲ့သူတွေက ကနီမြောင်းဘောင်တောင်ဘက်က အရက်ဆိုင်မှာသောက်နေကြတာ။ အဲဒီ လူတွေကို ဝင်ဖမ်းတာ။ တချို့ကတော့လွတ်တယ်။ ကျန်တာက တခြားရွာတွေက ဖမ်းခံရတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကနီကျေးရွာက ၃ ယောက်၊ မဒဲကျေးရွာက ၁ ယောက်၊ မဲဇလီကျေးရွာက ၂ ယောက်၊ ကျစ်ကိုင်းကျေးရွာက ၂ ယောက် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
ကနီ၊ မဲဇလီနဲ့ မဒဲကျေးရွာက ဖမ်းဆီးခံရသူတွေကို ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေ ထံထားခဲ့ပြီး တစ်ဦးကို ငွေကျပ် ၇၅ သိန်းနဲ့ ပြန်ရွေးဖို့ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ကျစ်ကိုင်းကျေးရွာက နှစ်ယောက်ကိုတော့ ပွင့်ဖြူမြို့နယ် ရဲစခန်းကိုခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီလိုမျိုး ပေါ်တာဆွဲပြီငွေညှစ်တာဟာ အပတ်စဉ်လိုက် ပေးနေရတဲ့ စစ်မှုထမ်းကြေး မပေးတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကသုံးသပ်ပါတယ်။
“ကျောင်းကုန်းကြီးကျေးရွာမှာ အခုထပ်ပြီးတော့ လေးသောင်းခွဲတောင်းတယ်။ ပြည်သူကမပေးနိုင်တော့ဘူး။ မပေးနိုင်တော့ မဲနှိုက်မယ်။ အကုန်နှိုက်ရမယ်လို့ပြောတယ်။ တစ်ဖက်မှာလည်းဖမ်းဆီးပြီးပိုက်ဆံရှာနေတယ်” လို့ ကျောင်းကုန်းကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းထောက်ပံ့ကြေးကို ကျေးရွာအလိုက် တစ်အိမ်ကို ၃၀၀၀၀ ကျပ်ကနေ ၁၅၀၀၀၀ ကျပ်အထိ ပေးနေကြရပြီး စီးပွားရေး ကြပ်တည်းလာတဲ့အတွက် ပြည်သူတွေက မပေးနိုင်ဖြစ်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းကလည်း ပွင့်ဖြူမြို့နယ်ရှိ တံတားနဲ့ မြို့အဝင်ဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ကျပ် ၂၀ သိန်းဝန်းကျင်နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ လူငယ်တွေအရွယ်ကောင်းသူတွေအနေနဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေ မြင်ရင်ဝေးဝေးရှောင်ကြဖို့နဲ့ ဖြစ်နိုင်ရင်အပြင်မထွက်ကြဖို့ ဒီဇင်ဘာ ၁၉ ရက်ကစလို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media