တိုင်ပေ၊ ဒီဇင်ဘာ ၂၀

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက် ပျက်စီးစေမယ့် ဥပဒေကြမ်းတွေ ဖြစ်တယ်လို့ သမ္မတ လိုင်ချင်းတီရဲ့ ပါတီဝင် လွှတ်တော်အမတ်တွေက ပြောကြားပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်ဝမ် လွှတ်တော်အမတ်တွေဟာအချင်းချင်း တွန်းထိုးရိုက်နှက်ကြပြီး ရေနဲ့ လောင်းခဲ့ကြပါတယ်။

သမ္မတ လိုင်ရဲ့ ဒီမိုကရေစီ တိုးတက်ရေးပါတီက လွှတ်တော် အမတ်တွေဟာ ဒီဇင်ဘာ ၁၉ ရက်ကတည်းက လွှတ်တော်ကို စီးနင်းကာဝင်ပေါက်တွေမှာ ကုလားထိုင်တွေနဲ့ အထဲမှာ သူတို့ကိုယ်သူတို့ ပိတ်ထားကြခဲ့ပါတယ်။

မဲပေးသူတွေက မသင့်တော်ဘူးလို့ ရှုမြင်တဲ့ ရွေးကောက်ခံအရာရှိတွေကို ထုတ်ပယ်ရေး ပိုမို ခက်ခဲသွားစေမယ့် ဥပဒေကြမ်းတွေကို အတိုက်အခံအင်အားစုက တင်သွင်းခဲ့ပြီးနောက် အာဏာရပါတီ လွှတ်တော်အမတ်တွေက တားဆီးဖို့ ကြိုးပမ်းရာမှာ အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော်ဟာ အာဏာရှင်ဆန်လာပြီ ဖြစ်တယ်လို့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ လွှတ်တော် အမတ်တွေက အော်ဟစ်ခဲ့ကြပါတယ်။

အတိုက်အခံ ကူမင်တန်ပါတီက အဲဒီ ဥပဒေ ပြင်ဆင်ချက်တွေကို အတည်ပြုခဲ့မယ်ဆိုရင် ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ကိုယ်တိုင်စစ်ဆေး ကိုယ်တိုင် ပြင်ဆင်ဆိုတဲ့ ယန္တယား ပျက်စီးသွားမှာ ဖြစ်တယ်လို့ အာဏာရပါတီ လွှတ်တော်အမတ်တွေက ပြောကြားထားပါတယ်။

အဲဒီ ဥပဒေ ပြင်ဆင်ချက်တွေက အာဏာ အလွဲသုံးစား မလုပ်အောင် ကာကွယ်ပေးနိုင်မယ်လို့ တရုတ်အစိုးရနဲ့နီးစပ်တဲ့ ကူမင်တန်ပါတီက ပြောကြားထားပြီး ဒီမိုကရက်တစ် တိုးတက်ရေးပါတီကတော့ မဲပေးသူတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားစေနိုင်တဲ့ ပြင်ဆင်ချက်တွေ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

လွှတ်တော် အပြင်ဖက်မှာလည်း လူထောင်ချီ စုဝေးပြီး အဲဒီဥပဒေ ပြင်ဆင်ချက်တွေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အခုနှစ် စောစောပိုင်းကလည်း ထိုင်ဝမ်လွှတ်တော်ထဲမှာ လွှတ်တော် အမတ်တွေ ခိုက်ရန် ဖြစ်ပွားပြီး လမ်းမတွေပေါ်မှာလည်း ကြီးမားတဲ့ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.