ထားဝယ်၊ ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီဇင် ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး ခရီးကားအစီးရေ ရာနဲ့ချီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ် ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ သရက်ချောင်းကနေ ထားဝယ်လာတဲ့ ကားတွေကိုသာ ဖြတ်သန်းသွားလာခွင့်ပေးပြီး ထားဝယ်ဘက်ကနေ သရက်ချောင်းသွားမယ့် ကားတွေကိုတော့ ပိတ်ပင်ထားတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
ထားဝယ်မြို့ဝင်အဂိတ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ