မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀

စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက် ကိုင်တော်လှန် ရေးတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တပ်အသီး သီးက ပူးတွဲကြေညာပါတယ်။

မွန်လက်နက်ကိုင်တော်လှန်‌ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုအတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေအားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အ ကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက အခုလိုသဘောတူညီခဲ့တာဟာ စစ်ရေးအခြေအနေအပြင် ပြည်တွင်းပြည်ပက မွန်လူထုတွေရဲ့ တောင်းဆိုမှုကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေးစစ်ရေးအခြေအနေ တောင်းဆိုမှုကြောင့်ရယ် နောက်ပြီး ပြည် တွင်းပြည်ပမှာရှိနေကြတဲ့ မွန်ပြည်သူပြည်သားတွေရဲ့ ဆန္ဒတောင်းဆိုမှုကြောင့် ပါပါတယ်ခင်ဗျ။ မွန်ပြည်သူပြည်သားတွေက မွန်လက်နက်ကိုင်တပ်တွေအားလုံး တစ်စုတစ်စည်းတည်းပေါင်းစည်းပြီးတော့ မွန်လက်နက်ကိုင်တပ်တစ်တပ်တည်းအဖြစ် လှုပ်ရှားဖို့ အစဉ်တစိုက်တောင်းဆိုလာခဲ့တာလည်း ရှိပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း အခြားတိုင်းရင်းသားဒေသအများစုမှာ စိုးမိုးနယ်မြေများစွာ သိမ်းပိုက်ရရှိထားပေမယ့် မွန်ပြည်နယ်မှာတော့ စစ်‌ကောင်စီတပ်စခန်းတွေ ဌာနချုပ်တွေကို တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင်ရေးတွေ မတွေ့ရသေးပါဘူး။

ဒီအပေါ် မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး တစ်စုတစ်စည်းတည်းဖြစ်ဖို့ နိုင်ငံရေးစစ်ရေး ဦး ဆောင်မှုတစ်ခုအောက်မှာ ပေါင်းစည်းပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ဖို့ မွန်လူထုတွေ ဆန္ဒရှိခဲ့ကြတာပါ။

မွန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အထည် ဖော်မှုမှာ ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က ပူးတွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြု လုပ်သွားဖို့ သဘောတူညီမှုရရှိခဲ့ကြတာပါ။

ဒါကြောင့် စစ်ရေးလှုပ်ရှားဖို့ ပူးပေါင်းထားတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ သက်ဆိုင်ရာဒေသအပြင် မွန်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေမှာ စစ်ဆင်ရေးတွေ ပူးတွဲလုပ်ဆောင်သွားမယ့်သဘောလို့ အဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

မွန်‌တော်လှန်ရေးမှာ နိုင်ငံရေး၊ စစ်ရေးဦးဆောင်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာ ကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာက လောလောဆယ်မှာ ဘယ်ဒေသတွေကို စစ်ရေးဖော်ဆောင်မယ်ဆိုတာ မဆုံးဖြတ်ရသေးပေမယ့် ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ရေးပူးတွဲလှုပ်ရှားမယ်ဆိုရင်တော့ ကိုယ့်ရဲ့သက်ဆိုင်ရာနယ်မြေကိုကျော်ပြီးတော့ ပေါင်းတိုက်မယ့် သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်လိုသွားရမယ် ဘယ်ဒေသကိုသွားမယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချက်မချရသေးဘူး။ ဒါပေမယ့် ပေါင်းတိုက်မယ် ကျော်ပြီးတော့လည်း သွားလာဖို့ ရှိတာပေါ့”လို့ ဆိုပါတယ်။

ဒီစစ်ရေးပူးပေါင်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရင် ရင်ဆိုင်နေရတဲ့ အရင်းအမြစ်တွေကို ကျော် လွှားနိုင်ပြီး တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ သူက ဆက်ပြောပါတယ် ။

ဒါ့အပြင် စစ်ရေးမဟာဗျူဟာတွေ ပေါ်ပေါက်လာမှာဖြစ်လို့ မွန်ပြည်နယ်မှာ တိုက်ပွဲတွေပိုမိုပြင်း ထန်လာလိမ့်မယ်လို့ သူကယူဆပါတယ်။

ဒေါက်တာ သီရိမွန်ချမ်းကတော့ ချမှတ်ထားတဲ့ သဘောတူညီချက်တွေအတိုင်း လောလောဆယ်မှာ ပူးတွဲစစ် ဆင်ရေးတွေ ရှိလာမှာဖြစ်ပြီး အဲဒီအတွက် အတည်ပြုဆုံးဖြတ်ချက်ချပြီးတာနဲ့ အကောင် အထည်ဖော်မှုတွေ စတင်လာမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ်ပေါက်လာတဲ့ထဲက မွန်လက်နက်ကိုင်တပ်ဖွဲ့ လေးခုဟာ မတူညီတဲ့ကာလတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်ခဲ့ကြတာပါ။

အဲဒီထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA တို့ဟာ အာဏာသိမ်းမှုအစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

သက်တမ်းရင့်မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကျမှသာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ လက်နက်ကိုင်တော် လှန်ရေးမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့ ၄ ဖွဲ့ဟာ မိမိတို့ရဲ့ သက်ဆိုင်ရာလှုပ်ရှားနယ် မြေတွေကိုကျော်ပြီး တစ်သံတစ်မိန့်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ သဘောတူညီချက် ရရှိလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.