ဘားအံ၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံရပြီး လေ့ကျင့်ရေးစစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာဒုတိယအပတ်ကစလို့ ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့၊ ကျုံဒိုး၊ ကမမောင်းစတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းသင်တန်းအတွက် လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီလို လုပ်ဆောင်ရာမှာ စစ်မှုထမ်းမပေးနိုင်တဲ့ ရပ်ကွက်ကျေးရွာတွေအနေနဲ့ တစ်ရွာလျှင် အနည်း ဆုံး ကျပ်သိန်း ၃၀ ပေးဆောင်ရဖို့ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ညွှန်ကြားလာခဲ့သလို တချို့ရပ် ကွက်ကျေးရွာတွေမှာတော့ အမည်စာရင်းပါတဲ့ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးတာတွေ လုပ် ဆောင်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ခရီးသွားလာနေတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ် ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်ကနေ စစ်မှုထမ်း သင်တန်းတက်ရောက်ကြမယ့် လူငယ်တွေကို စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရ အဖွဲ့က ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။

ဂုဏ်ပြုကြိုဆိုပွဲအကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်လာတဲ့ ရုပ်သံမှတ်တမ်းအရ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် ကရင်ပြည်နယ်မှာ ခန့်မှန်းခြေ လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံခဲ့ရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်က လူငယ်တွေကို အဓိကထားပြီး အတင်းအဓမ္မဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် အချိန်မတော်သွားလာတာတွေ၊ ခရီးဝေးသွားလာတာတွေ မပြုလုပ်ကြဖို့ နယ်ခံတွေအချင်းချင်း သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်အများစုဟာ ပြည် ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာတာ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းထဲ ဝင်ရောက်တာနဲ့ တိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.