ဆိုးလ်၊ ဒီဇင်ဘာ ၁၂

အခက်ကြုံနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံ့ရဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က အမှတ်မထင် ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အတိုက်အခံတို့ရဲ့ လွှတ်တော်တွင်း အာဏာရှင်ဆန်မှုကို တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီ မပြိုလဲစေရေး ကြိုတင်ကာကွယ်ဖို့ တရားဝင်ဖြစ်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သမ္မတ ယွန်ဆွတ်ယိုလ်က ပြောပါတယ်။

သမ္မတကို လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ လွှတ်တော်မှာ ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းကြဖို့ ရှိနေချိန်မှာ ယွန်ဆွတ်ယိုလ်က ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

သူ့ကို စုံစမ်း စစ်ဆေးတာပဲဖြစ်ဖြစ် စွပ်စွဲ ပြစ်တင်တာပဲ ဖြစ်ဖြစ် မြဲမြဲမြံမြံ ရပ်တည်ပြီး အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမယ်လို့ သမ္မတ ယွန်က မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။

သမ္မတနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ပုန်ကန်မှု စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးခံနေရပြီး သူတို့ထဲက အချို့ ကို ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် သမ္မတ ယွန်က သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ညွှန်ကြားတာဟာ ပုန်ကန်ဖို့ လုပ်ဆောင်တာ မဟုတ်ဘဲ အခုအချိန်မှာ နိုင်ငံရေး ပြိုင်ဖက်တွေက သူ့ကို ဖြုတ်ချရေး မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ ဖန်တီးနေတယ်လို့ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းမှာ ပြန်လည် တောင်းပန်ပြီးနောက် ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ယွန်က သူစစ်အုပ်ချုပ်ရေး ကြေညာချိန်ကအတိုင်း စွပ်စွဲချက်တွေကိုပဲ ပြန်ပြောင်း ပြောဆိုသွားတာ တွေ့ရ ပါတယ်။

ဒါပေမဲ့ မိမိအနေနဲ့ ဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိမှုတွေကို ရှောင်ရှားသွားမှာ မဟုတ်ဘူးလို့ သမ္မတက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အတိုက်အခံတွေက သမ္မတကို စွပ်စွဲ ပြစ်တင်ရေး ကြိုးပမ်းခဲ့ပေမယ့် သူ့ပါတီရဲ့ လွှတ်တော် အမတ်တွေက မဲခွဲမှုကို သပိတ်မှောက်တာကြောင့် မအောင်မြင် ဖြစ်ခဲ့ရပါတယ်။

အတိုက်အခံတွေက သမ္မတ ရာထူးက နုတ်ထွက်ရတဲ့အထိ သီတင်းပတ်ကုန်ရက်တိုင်း စွပ်စွဲ ပြစ်တင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.