မော်လမြိုင် ဒီဇင်ဘာ ၁၁

စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ် PNO အနေနဲ့ ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်ရေးစေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA တို့က တိုက်တွန်းလိုက်ပါတယ်။

PNO/PNA ဖွဲ့စည်းချိန်မှာကတည်းက ချမှတ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမူနဲ့အညီ တော်လှန်ရေးမှာ ပြန်လည်ပါဝင်ပေးဖို့လည်း ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ PNFC နဲ့ PNLO/PNLA တို့ရဲ့ ပူးတွဲထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ဖို့ လွတ်မြောက်ရေး တိုက်ပွဲတွေကို တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ တစ်ရပ်လုံးနဲ့အတူ ပူးပေါင်း ဆင်နွှဲသွားမယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

PNFC နဲ့ PNLO တို့ဟာ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာရေးအတွက် အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးတယ်လို့ဆိုပေမယ့် လူမျိုးရေးနဲ့ ဘာသာရေး စတဲ့နည်းလမ်းပေါင်းစုံနဲ့ သပ်လျှိုဖြိုခွဲမှုတွေကြောင့် မိမိကိုယ်ကို မိမိခုခံကာကွယ်ပိုင်ခွင့်မူကို အခိုင်အမာ ကျင့်သုံးသွားမယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလ အစပိုင်း ပအိုဝ်းဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာမျိုးမရှိပေမယ့် နိုင်ငံရေးပဋိပက္ခရဲ့ သွယ်ဝိုက်တဲ့ ဒဏ်တွေကို ခံစားခဲ့ရတာရှိတဲ့အကြောင်း၊ အခုနောက်ပိုင်းမှာ စစ်ကောင်စီက လူထုကို ကြောက်ရွွံ့သွားအောင် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာတွေ ရှိလာတယ်လို့ PNLO ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ပအိုဝ်းဒေသက ပအိုဝ်းလူငယ်တွေဟာ စစ်ကောင်စီရဲ့စစ်တပ်ထဲကို အဓမ္မသွတ်သွင်းခံရတဲ့ ဖြစ်စဉ်တွေရှိလာတဲ့အပြင် တစ်ဖက်မှာ စစ်ကောင်စီက PNO အသွင်ပြောင်း ပြည်သူ့စစ်ကို လက်နက်တွေ ထောက်ပံ့ပေးတာတွေ ရှိလာခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

သူက “PNO ထိန်းချုပ်ထားတဲ့ ပအိုဝ်းရွာတွေမှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြား ယောကျာ်းတိုင်းကို မဖြစ်မနေ စစ်သင်တန်းတက်ရမယ်၊ ပြည်သူ့စစ်လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ အတင်းအကြပ် စစ်မှုထမ်း စုဆောင်းခံနေရတာရှိတယ်။ နောက်ပြီး အဝေးရောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့သူတွေကိုလည်း ပြန်လာခိုင်းတယ်။ ပြန်မလာနိုင်ရင်လူတွေဆို တစ်ယောက်ကို ဒဏ်ငွေ ငါးသိန်း၊ ယောကျာ်းလေးမရှိတဲ့ မိသားစုအိမ်တွေဆို တစ်အိမ် သုံးသိန်း အတင်းအကြပ် ငွေကြေးကောက်ခံတာတွေလည်း ရှိတယ်” လို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြောပါတယ်။

ပအိုဝ်းနယ်မြေတစ်ခုတည်း လွတ်မြောက်သွားရုံနဲ့ တော်လှန်ရေးအောင်မြင်နိုင်တယ်လို့ဆိုနိုင်မှာမဟုတ်ဘဲ စစ်ကောင်စီ တစ်ချိန် ခေါင်းပြန်ထောင်လာပါက ပြန်လည်တိုက်ခိုက်ခံရမှာ ကျိန်းသေတဲ့အတွက် စစ်အာဏာရှင်စနစ် နွေဦးတော်လှန်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ လက်တွဲချိတ်ဆက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုပါတယ်။

ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ကျနော်တို့အနေနဲ့ကတော့ NUG PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ အားလုံးနဲ့ ရသလောက် တတ်နိုင်သလောက် ချိတ်ဆက်ပြီး အပြန်အလှန်ညှိနှိုင်းပြီး လက်တွဲလုပ်ဆောင်ဖို့ မူချမှတ်လုပ်ဆောင်နေပါတယ်” လို့ အာဏာရှင်စနစ် တော်လှန်ရေး ချိတ်ဆက်လုပ်ဆောင်မှု အခြေအနေကို ရှင်းပြပါတယ်။

ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ မူကို ကိုင်စွဲထားတဲ့ တော်လှန်ရေး အဖွဲ့တွေအနေနဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ ဖန်တီးထားတဲ့ ထောင်ချောက်တွေအတွင်း မကျရောက်စေဖို့ အထူးသတိထား ဆောင်ရွက်ကြဖို့နဲ့ ဘက်ပြောင်းခိုလှုံလာသူတွေကို ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ နွေးထွေးစွာ ကြိုဆိုကြဖို့ ဒီဇင်ဘာ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – PNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.