“ဒီတစ်ကြိမ်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်တဲ့ အေဂျင်စီကို ချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထားကို ရအောင် လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော် အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်” – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း)
မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်အနေအထားနဲ့ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်လုပ်ခွင့် အထောက်အထားတွေ သက်တမ်းတိုးပေး၊ ဘတ်လို့ ခေါ်တဲ့ ပန်းရောင်ကတ် အသစ်ရိုက်ထုတ်ပေးဖို့ လုပ်ငန်းစဉ်တွေ စတင်တော့မှာပါ။ အခုလိုမျိုး ထိုင်းအစိုးရရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အထောက်အထားမဲ့ မြန်မာတွေအတွက် အခွင့်အလမ်းတစ်ခု ရရှိသွားစေလိမ့်မယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။ လူတော်တော်များများ မျှော်လင့် စောင့်စားနေကြတဲ့ ပန်းရောက်ကတ် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဘယ်လို သတိထားသင့်လဲ။ MoU နဲ့လာတဲ့ လုပ်သားတွေကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိရဖို့ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း ပြောခွင့်ရ ဦးအောင်ကျော်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – လက်ရှိ ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးအခြေအနေ ဘယ်လိုရှိပါသလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါသလဲ။
ဖြေ – တရားဝင် စာရွက်စာတမ်းမရှိလို့ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်အကိုင်မရှိဘဲနဲ့ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာ အများကြီးပေါ့။ အခု ထိုင်းအစိုးရက တရားဝင် လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတော့ အထောက်အထားမဲ့တွေအတွက် မျှော်လင့်ချက်ရှိတာပေါ့။
ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံအတွင်းက ရွေ့ပြောင်းအလုပ်သမားတွေကို ကင်းလွတ်ခွင့် နေထိုင်သွားလာခွင့်ရှိတယ်ဆိုတာမျိုးတွေ ခွင့်ပြုထားတာ တွေ့ရပါတယ်။
မေး – မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ဆောင်ပေးမယ့် ပန်းရောင်ကတ်သတင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လိုမျိုးသိရသေးလဲ။ ဘယ်အဆင့်အထိရောက်နေပြီလဲ။
ဖြေ – တရားဝင် လျှောက်ထားခွင့်ပြုမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ရက်ထွက်လာဖို့ပဲ စောင့်ရမှာပါ။ အီလက်ထရောနစ်စနစ်နဲ့ လျှောက်ထားလို့ရတဲ့ စနစ်ပေါ့။ ဒါကတော့ ကျွမ်းကျင်တဲ့ လုပ်ငန်းရှင်တွေက ကိုယ်တိုင်သွားရောက်စရာမလိုဘဲ လျှောက်လို့ရပါတယ်။
မေး – ပန်းရောင်ကတ် လုပ်ဆောင်တဲ့ နေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လက်ရှိ ဘယ်လိုအခက်အခဲ အခြေအနေတွေနဲ့ ရင်ဆိုင်ရတာရှိပါသလဲ။ ပန်းရောင်ကတ်လျှောက်ထားမှုမှာ ရှောင်ရန် ဆောင်ရန် စတာတွေကို အလုပ်သမားတွေအပေါ် ဘယ်လိုအသိပညာမျှဝေ အသိပေးလိုတာရှိပါသလဲ။
ဖြေ – အဓိက အခက်အခဲက နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားထက် ဘတ်ပေါင်းများစွာ ပိုပေးနေရတဲ့ ပြဿနာ။ အဲဒါအကြီးမားဆုံး စိန်ခေါ်မှုပါ။
အဲဒီလိုဖြစ်ရတဲ့ အကြောင်းတရားက သူ့မှာ သူဌေးမရှိဘူး။ ထိုင်းဥပဒေမှာလည်း ထိုင်းလူမျိုးသူဌေးရှိမှ ရတာ။ နာမည်ခံသူဌေးအငှားနဲ့ ငွေကြေးတွေ ပေးဆောင်ရတဲ့အခါမှာ အများကြီးကောက်ခံရတယ်။ သူဌေးအငှားနဲ့ သွားတဲ့အတွက်ကြောင့် ကုန်ကျစရိတ် များနိုင်ပါတယ်။
အထောက်အထားမဲ့တွေအနေနဲ့ လုပ်ငန်းရှင်အသစ်ကို ရှာနိုင်မှ ကုန်ကျစရိတ် သက်သာသွားနိုင်မယ်။ လျှောက်တဲ့အခါမှာလည်း တင်ပေးတဲ့သူက ဘယ်လောက်အထိ ယုံကြည်စိတ်ချမှုရှိလဲဆိုတာ သေချာစိစစ်ပြီးမှ လုပ်ကိုင်ဖို့ တိုက်တွန်းလိုပါတယ်။
သတ်မှတ်နှုန်းထားက ရှစ်ထောင်လောက်ဆိုရင် တစ်သောင်းခွဲလောက်အထိ လိုက်ကောက်နေတာမျိုးတွေက ဒါက အလုပ်သမားတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။
မေး – MOU မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ အဆက်မပြတ်ရှိနေတာကိုတွေ့ရပါတယ်။ MOU အခြေအနေနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများပြောလိုပါလဲ။
ဖြေ – ကျင့်သုံးနေတာကြာပါပြီ။ ထိုင်းနိုင်ငံထဲရောက်ရင် ပြီးပြီ။ မင်းအလုပ်အကိုင်ရရင် ငါတို့ကို ပိုက်ဆံပြန်ပေးရမယ်။ အဲဒီလိုနဲ့ MOU နဲ့လာပြီးမှ ဒုက္ခပင်လယ်ဝေနေတဲ့ အလုပ်သမားတွေလည်း အများကြီးပါ။
မေး – NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်ထဲမှာ မြန်မာအလုပ်သမားတွေအပေါ် အခက်အခဲဖြစ်စေမယ့် အလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီထံ ပေးပို့စေတာ။ စစ်ကောင်စီထံ ဝင်ငွေခွန်နဲ့ မိသားစုထံ ငွေလွှဲပြောင်းမှုအထောက်အထားတွေ ပြသစေတာတွေပါဝင်ပါတယ်။ အဲဒီ အချက်တွေ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။
ဖြေ – ဥပဒေအရ ကြည့်မယ်ဆိုလည်း အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ပေးမယ်ဆိုလည်း မလျော်ကန်ပါဘူး။ ကျွန်တော်တို့က နှစ်ရှည် အလုပ်လုပ်လာတဲ့ သက်ရောက်ရာနိုင်ငံမှာ ကိုယ်ရေးအချက်အလက်တွေကို ပေးထားရတာကိစ္စမရှိပါဘူး။ သို့သော် တစ်ဖက်ကို ပြန်ပေးတာ လွှဲပြောင်းတာတွေက ဥပဒေရှုထောင့်ကကြည့်ရင် မသင့်လျော်ဘူးလို့ သုံးသပ်ပါတယ်။
မေး – ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထောင်ချခံရပြီး နေရပ်ကို အထူးသဖြင့် ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အထူးသဖြင့် အမျိုးသားတွေအပေါ် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ဆောင်နေတာတွေရှိပါတယ်။ ဒီလိုလုပ်ဆောင်ချက်အပေါ်မှာ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးအနေနဲ့ ဘယ်လိုအကြံပြုပြောချင်ပါသလဲ။
ဖြေ – မလျော်ကန်ဘူးလို့ သုံးသပ်ပါတယ်။ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ပင်ပန်းဆင်းရဲဒုက္ခတွေခံပြီးမှ ဖမ်းဆီးခံရလို့ နေရပ်ပြန်ပို့တဲ့အခါ အရင်လို ဟိုဘက်မှာ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းခိုင်းတာ မသင့်လျော်ဘူးလို့ မြင်ပါတယ်။
မေး – အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လက်ရှိမှာ ဘယ်လိုရှိနေသေးလဲ ဘယ်လိုတွေ့နေရသေးလဲ၊ အရင်ကထက်စာရင်ရော အရေအတွက်တွေ နည်းလာတာလား များလာတာသလား။
ဖြေ – လောလောဆယ်တော့ ပါးလာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။
မေး – ဖြည့်စွက်ပြောလိုတာရှိရင် ပြောပါဦး။
ဖြေ – ထိုင်းနိုင်ငံထဲမှာ လူဟောင်းပဲဖြစ်ဖြစ် လူသစ်ပဲဖြစ်ဖြစ် နေထိုင်တဲ့အခါမှာ အခက်အခဲတွေကတော့ အများကြီး ရှိနေပါတယ်။ လူဟောင်းတွေကတော့ ပုံမှန်အလုပ်လုပ် နေထိုင်ဝင်ထွက် လုပ်ငန်းခွင်ကို သွားနေတယ်။
သို့သော် လူသစ်တွေကတော့ အထောက်အထားတစ်ခု ပြုလုပ်ပေးဖို့အတွက်ကို လနဲ့ချီစောင့်ဆိုင်းနေတဲ့အတွက် သူတို့မှာ အကြွေးတွေတင်နေတာ အတိုးတက်နေတာတွေ ရှိပါတယ်။
ဒီတစ်ကြိမ်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်တဲ့ အေဂျင်စီကို ချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထားကို ရအောင် လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော် အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media