မကွေး ဒီဇင်ဘာ ၁၁

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေကို ဦးတည်ပြီး နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ ကနေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

“သူတို့ကို အကြောင်းကြားထားတယ်။ သူတို့က ဒီနေ့နောက်ဆုံးထားပြီးစပါးသိမ်းပေးပါလို့ ပြောပြီးမှ သိမ်းတဲ့အချိန် ဒီလိုလုပ်တာဟာ အမတ ၃၆၈ ရဲ့ယုတ်မာမှုဖြစ်ပါတယ်။ ပြည်သူကိုခြိမ်းခြောက်တာလည်း ဖြစ်ပါတယ်” လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံပြည်သူတွေက စပါးရိုက်(ခြွေလှေ့) ဖို့အတွက် အမတ ၃၆၈ ကို ခွင့်ပြုချက်တောင်းခဲ့ကြပေမယ့်် ဒီဇင်ဘာ ၁၀ ရက်မှာ စပါးရိုက်စင်တည့်တည့်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလို တိုက်ခိုက်တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက တစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေကြောင့် သွေးထွက်လွန် သေဆုံးခဲ့ကာ တစ်ဦးမှာတော့ စိုးရိမ်ရတဲ့အတွက် အောက်ဆီဂျင် ပေးထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်​ဘာ ၁၁ ရက်မှာလည်း ကျောက်ထု အမတ ၃၆၈ ကနေ ကံကြီးရွာအတွင်းသို့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၇၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အခုလိုမျိုး စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာတွေဟာ ဒီဇင်ဘာလ ပထမပတ်အတွင်းက ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဖြစ်ပွားပြီးနောက် အမြောက်တပ် ပတ်ချာလည်က သံသယရှိတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.