ကော့သောင်း၊ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား၊အမျိုးသမီးနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို ခြံလုပ်သား အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
တပ်အင်အားအများအပြားနဲ့ စက်လှေသုံးစီးနဲ့ ကော့သောင်းမြို့ကနေ မလိဝမ်းဒေသကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျေးရွာအတွင်းက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ မလိဝမ်းဒေသထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့သမျှ အမျိုးသား အမျိုးသမီးနဲ့ ကလေးတွေကိုပါဖမ်းပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ PDF ရဲဘော်တွေရဲ့ တည်နေရာကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မလိဝမ်းဒေသကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခြံလုပ်သား အမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်း အရင်းအမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ခြံလုပ်သား အမျိုးသားရဲ့ နာမည်၊ အသက်နဲ့ နေရပ်လိပ်စာ အတိအကျကိုတော့ အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။
မလိဝမ်းဒေသကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးထားတဲ့အမျိုးသမီးနဲ့က လေးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားအချို့ကိုတော့ ကော့သောင်းအခြေစိုက် ခလ၇ ၂၆၂ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတာရှိသလို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးထားတဲ့ အမျိုးသားတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်မတိုင်ခင် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း အောင်သာယာကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကော်သူးလေအာမီက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက မလိဝမ်းဒေသထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။
တော်လှန်အင်အားစုတွေနဲ့ နီးစပ်တဲ့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ အောင်သာယာ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ကော့သောင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကော့သောင်းမြို့ပေါ်မှာ လက်နက်ငယ်တွေ ပစ်ဖောက်တာနဲ့ အနီးအနား ပတ် ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ