လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စုလျှင် စစ်မှုထမ်းတပ်သားသစ်တစ်ဦး ပေးရမှာဖြစ်ပြီး အမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာမှုမရှိပါက ပေါ်တာဆွဲဖမ်းဆီးသွားမယ်လို့ လှိုင်းဘွဲစစ်ဗျူဟာမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ KNU ဗဟိုက သ တင်းထုတ်ပြန်ပါတယ်။
လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ က ရပ်ကွက်နဲ့ ဃ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ထော်ရွဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊တခင်းလုံ၊ဂျို့ချောင်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျုံပကို ကျေးရွာအတွင်းက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က လှိုင်းဘွဲဗျူဟာရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတွေမှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ လုံခြုံရေးနဲ့ စစ်မှုထမ်းကောက်ခံဖို့ ဆွေးနွေးသွားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးထားကာ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် စစ်မှုထမ်းတပ်သားသစ်တွေကို လှိုင်းဘွဲဗျူ ဟာရုံးသို့ အရောက်ပို့လာပေးဖို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ သိရကြောင်း ကေအဲန်ယူက ဖော်ပြပါတယ်။
ကျေးရွာတစ်ခုကို လူတစ်ဦးစီပေးရမှာဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ယောက်အစား ငွေကျပ် သိန်း ၃၀ ပေးရမှာဖြစ်သလို အမိန့်ညွှန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်မှုမပြုပါက မြို့အဝင်အ ထွက်ဂိတ်တွေကနေ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဖမ်းဆီးသွားမယ်လို့ ဗျူဟာမှူးက ခြိမ်း ခြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် တပ်သားသစ်တွေကို ပို့ဆောင်မှုမရှိသေးတဲ့ ကျေးရွာတွေအနေနဲ့လည်း အခုအပတ်စဉ် ၈ မှာ ကျေးရွာအုပ်စု တစ်စုလျှင် လူတစ်ယောက်နှုန်း ဒီဇင်ဘာ ၁၂ နောက်ဆုံးထားပြီး မဖြစ်မနေပေးရမယ်လို့ ဗျူဟာမှူးက ထပ်မံပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် ရပ်ကွက်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်ကနေ သိရပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ဟာ KNU အုပ်ချုပ်ရေးအရ တပ်မဟာ ၇ ဖားအံခရိုင်ထဲမှာ တည်ရှိတာဖြစ်ပြီး အခုစစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်ခေါ်ယူမယ့် ကျေးရွာအများစုဟာ နယ် ခြားစောင့်တပ် BGF စိုးမိုးထိန်းချုပ်ထားတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
အခုနှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်တွေအတွက် စစ်ကောင်စီတပ်က စစ်မှုထမ်းစတင်ခေါ်ဆောင်စဉ်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံလူငယ်လူရွယ်တွေဟာ နယ်ခြားစောင့်တပ် BGF ထံ အများစုဝင်ရောက်စစ်မှုထမ်းခဲ့ကြပြီး တချို့ကတော့ KNLA ၊ ဒီကေဘီအေ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့တွေ ထံလည်း ဝင်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေပြဌာန်းမှုကြောင့် စစ်မှုမထမ်းလိုတဲ့ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူငယ်လူ ရွယ်တွေဟာ ပြည်ပထိုင်းနိုင်ငံဘက်ကို အလုံးအရင်းနဲ့ ထွက်ခွာသွားရောက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI