ဝါရှင်တန်၊ ဒီဇင်ဘာ ၉
လာမယ့်လ သမ္မတ ရာထူး စတင် လက်ခံတဲ့ ပထမဆုံးရက်မှာပဲ ၂၀၂၁ ခုနှစ်တုန်းက လွှတ်တော်ထဲ ဝင်ရောက် စီးနင်းသူတွေကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။
လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့သူတွေဟာ ငရဲခန်းတွေထဲမှာ နေနေရတယ်လို့ ထရန့်က နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် ပထမဆုံး ထုတ်လွှင့်တဲ့ NBC သတင်းဌာနရဲ့ Meet the Press အစီအစဉ်မှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။
ရီပက်ဘလေကန် သမ္မတ ဖြစ်လာမယ့် ထရန့်က အမေရိကန်မှာ မွေးဖွားသူတွေကို နိုင်ငံသားဖြစ်ခွင့် အလိုအလျောက် ပေးအပ်မှုစနစ်ကို အဆုံးသတ်မှာ ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
ဒါပေမဲ့ အမေရိကန်သို့ ကလေးဘဝကတည်းက အထောက်အထားမဲ့ ရောက်ရှိလာသူတချို့ကို ကူညီဖို့ ဒီမိုကရက်တို့နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။
လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး စတင် ရယူပြီးနောက် လူဝင်မှု ကြီးကြပ်ရေး၊ စီးပွားရေး၊ စွမ်းအင်တို့နဲ့ ပတ်သက်လို့ အထူးအမိန့်တွေ အများကြီး ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ထရန့်က ပြောပါတယ်။
လွှတ်တော် စီးနင်းသူတွေကို ထောင်ဒဏ် ချမှတ်မှုနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်၊ သူ့ရဲ့ နိုင်ငံရေး အကြံပေးတွေနဲ့ လွှတ်တော်အမတ်တွေကို စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ကြီးဌာနထံ ညွှန်ကြားပြီး ထောင်ဒဏ်ချမှတ်ရေး ကြိုးပမ်းသွားမယ်လို့လည်း ထရန့်က ပြောပါတယ်။
နေတိုး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကုန်ကျစရိတ်တွေကို ကျခံ ပေးနေသရွေ့ အမေရိကန်ကို နေတိုးအဖွဲ့ဝင် အဖြစ် ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားတာပါ။ ဒါ့အပြင် ကိုယ်ဝန် ဖျက်ချရေး ဆေးတွေကို တားမြစ်ဖို့ ကြိုးပမ်းသွားမှာ မဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် အခွန်တိုးကောက်မယ့်အရေး စိုးရိမ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ထရန့်က သူ့အနေနဲ့ ဘာကိုမှ အာမမခံ နိုင်သလို မနက်ဖြန်ကို အာမမခံ နိုင်ဘူးလို့ ဖြေဆို သွားပါတယ်။
Ref:BBC