နေပြည်တော် ၊ ဒီဇင်ဘာ ၁၀
လာမယ့်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ ထောက်ခံမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီက ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ရွေး ကောက်ပွဲကော်မရှင်က ပြောလာပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်တို့ တွေ့ဆုံခဲ့ကြချိန်မှာ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ထည့်သွင်းပြောကြားခဲ့တာပါ။
ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်အတွင်း စည်းရုံးခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မ ရှင်က အခုလိုထုတ်ပြောလာတာပါ။
ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့တဲ့ အချက်တွေကို ပြန်လည်ထည့်သွင်းပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊အမိန့်၊ညွန်ကြားချက်တွေ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေ စစ်ဆေးတာနဲ့ ဆုံးဖြတ်တာစတဲ့အချက်တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူတစ်ဦးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေတွေနဲ့ ကျင့်သုံးမယ့်စနစ်တွေ ပွင့်လင်းမြင်သာမှု မရှိသေးချိန်မှာ အခုလိုစောင့်ကြည့်လေလာသူတွေကို ခွင့်ပြုတာဟာ အဖြစ်သဘောမျိုးလို့ သုံးသပ်ပါတယ်။
“လက်ရှိ အခြေအနေက ရွေးကောက်ပွဲလို့ ပါးစပ်က တဂွမ်ဂွမ်အော်ပေမယ့်လည်း ရွေးကောက်ပွဲလုပ်မယ့်အခြေအနေ လုပ်ငန်းစဉ်တွေက ဘာမှအောင်မြင်သေးတာ မဟုတ်ဘူးလေ။ အခုချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ သူတို့တွေ့တယ်ဆိုတာ လက်ရှိကရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ရွေးကောက်ပွဲ ဘယ်လိုကျင်းပမလဲ၊ ဘယ်စနစ်နဲ့ ကျင်းပမယ်၊ ပွင့်လင်းမြင်သာတဲ့ဟာတွေ ဘာမှမရှိသေးဘူး။ လက်ရှိက နိုင်ငံရေးပါတီတွေနဲ့တွေ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့လူတွေကို ခွင့်ပြုမယ်လို့လည်း အဖြစ်သဘော ပြောထားတဲ့ပုံစံမျိုး ဖြစ်နေတယ်ခင်ဗျ” လို့ ဆိုပါတယ်။
တစ်ဘက်မှာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအနေနဲ့ အခြေအနေပေးမှသာ စောင့်ကြည့်လို့ရတဲ့သဘောမျိုးလို့ သူက ထောက်ပြပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သိက္ခာရှိတဲ့ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့လွှတ်တော်တစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြောသလို စစ်ခေါင်းဆောင်ကလည်း အလားတူ ကြွေးကြော်ထားတာပါ။
ရွေးကောက်ပွဲစနစ်ကိုတော့ နိုင်သူအကုန်ယူစနစ် FPTP နဲ့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အချိုးကျကိုယ်စားပြု PR စနစ် ပြောင်းလဲကျင့်သုံးဖို့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကတည်းက စကား ဦးသန်းလာခဲ့တာပါ။
အဲဒီနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ချက်တွေအများအပြားပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပြန်လည်ပြဌာန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် NCA နှစ်ပတ်လည် အခမ်းအနားမှာတော့ ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးမယ်လို့ စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ပြောထားတာပါ။
ဒါပေမယ့် လက်ရှိမှာ မြို့ပေါင်း ၈၆ မြို့အထိ လက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက် ပွဲကို စိုးမိုးနယ်မြေတွေမှာသာ အပိုင်းလိုက်လုပ်လာနိုင်မယ့် အခြေအနေကြောင့် ဘယ်စနစ်ကို ကျင့် သုံးမလဲဆိုတာ အတည်ပြုထားခြင်း မရှိသေးပါဘူး။
တစ်ဘက်မှာ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေကိုလည်း အတည်ပြုပြဌာန်းတာတွေ မရှိသေးဘဲ အီလက်ထရောနစ်မဲပေးစက်စနစ်ကို အသုံးပြုမယ်လို့ အခုနှစ်နှောင်းပိုင်းအတွင်းပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram