မော်လမြိုင် ၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစားထိုးဖို့ လူငှားမရတာကြောင့် ဒေသတွင်းက လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အရင်ကစစ်မှုထမ်းဖို့အတွက် ဒေသတွင်းက လူငယ်တွေအစား ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရပ်ကွက် တွေအတွင်းက ဆိုးသွမ်းသူတွေကို အခကြေးငွေပေးပြီး ငှားရမ်းအသုံးပြုခဲ့ရာမှ လက်ရှိမှာတော့ စစ်မှုထမ်းလူစားထိုး အငှားလိုက်သူ သိသိသာသာ နည်းပါးလာတာပါ။

စစ်မှုထမ်းအငှားမရတာကြောင့် ဒေသတွင်းက စစ်မှုထမ်းအမည်စာရင်းပါရှိတဲ့ လူငယ်တွေကို အိမ်တိုင်းရာရောက် ဆင့်ခေါ်ဖို့ ပြင်ဆင်ထားပြီး ပျက်ကွက်ပါက အရေးယူဖို့ စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် အရင်ကတစ်ဦးလျှင် ကျပ်သိန်း ၃၀ ပေးပြီး ခေါ်ဆောင်လို့ရခဲ့ပေမယ့် နောက်ပိုင်းမှာ ကျပ် သိန်း ၆၀ အထိ တိုးပေးပေမယ့် လူငှားလိုက်သူ မရှိသလောက် နည်းပါးလာတာပါ။

တဖက်မှာတော့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပြီးနောက် သင်တန်းဆင်းတွေကို ရှေ့တန်းစစ် မြေပြင်ထံပို့ဆောင်တာ၊ ထိခိုက်သေဆုံးမှုတွေ ရှိလာကြောင့် စစ်မှုထမ်းအငှားလိုက်သူ နည်းပါးလာတာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းသင်တန်းတွေကို လစဉ်နီးပါး ဖွင့်လှစ်သင်တန်းပေးနေတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းကြောင့် ဒေသတွင်းက လူငယ်အများစု ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုမြင့်တက်နေပြီး ဒေသတွင်းမှာလည်း အလုပ်သမားရှားပါးမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင် နေရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ စစ်သားစုဆောင်းခံရသူ ၁၆၀၀ ထက်မနည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.