မောင်တော၊ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ ၅ ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ နခခ ၅ ရှိ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လကစပြီး မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နခခ ၅ နစ်ခုတည်းသာ ကျန်ရှိနေပြီး လနဲ့ချီ ကြာမြင့်ခဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပါတယ်။
နခခ ၅ တပ်စခန်းကို AA က အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တချို့နဲ့ လက်နက်ကိုင်တပ်တွေဖြင့်တဲ့ RSO ၊ ARSA နဲ့ ARA အပြင် သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဖရိုဖရဲ ထွက်ပြေးနေတာကြောင့် လိုက်လံ ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း နခခ ၅ တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်တစ်လျှောက်မှာ စက်လှေ၊ မော်တော်ဘုတ်နဲ့ လောင်းလှေတွေနံ့ ထွက်ပြေးဖို့ ကြိုးစားနေတာပါ။
ဒါကြောင့် ရခိုင်ပြည်နယ်ဘက်ခြမ်း နတ်မြစ်အတွင်းမှာ ရေကြောင်းခရီးသွားလာမှုကို ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်ကစပြီး စစ်ရေးလိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအတွက် အချိန်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ AA က ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲ ၁၀ ခုကို ထပ်မံသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်နှစ်ကျော်ကလအတွင်း အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA
ပုံစာ – ရခိုင်ပြည်နယ် အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေ သိမ်းပိုက်စဉ်။