ထားဝယ်၊ ဒီဇင်ဘာ ၉

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာချင်းဆက် တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မောင်မယ်ရှောင်ကျေးရွာနဲ့ ရေဝိုင်းကျေးရွာကြားရှိ ကင်းကုန်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။

မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားဟာ အရှည် ပေ ၁၅၀ ကျော်ရှိတဲ့ သံဘောင်ဘေလီ သစ်သားခင်းတံတားဖြစ်ပြီး မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲက ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အဓိက အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ အခုလို ဒေသခံတွေအတွက် အရေးပါတဲ့ တံတားတစ်စင်း ဖျက်ဆီးခံလိုက်ရတာကြောင့် လမ်းပန်းဆက်ဆယ်ရေးနဲ့ စားဝတ်နေရေးအတွက် ပိုပြီး အခက်အခဲ ဖြစ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကင်းကုန်းတံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် တစ်နာရီခန့်အကြာမှာပဲ ကင်းကုန်းကျေးရွာက နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်စီးနေပြီး မီးခိုးဟုန်းဟုန်း တက်လာတာကို တောင်ပေါ်ကနေ လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးနေသလို ပဒိုင်းချောင်း၊ ကင်းကုန်း၊ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်စတဲ့ကျေးရွာတွေက နေအိမ်တွေကို ရိုက်ဖျက်ပြီး တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းတွေကို ဖောကားတွေနဲ့ ထားဝယ်အခြေစိုက် စကခ ၈ ထဲကို သယ်ယူသွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ စစ်ကြောင်းသုံးကြောင်းခွဲပြီး အင်အားအများအပြားနဲ့ ဆက်လက်စစ်ကြောင်းထိုး လှုပ်ရှားနေတာကြောင့် ပဒိုင်ချောင်း၊ ခေါင်တိုင်ပြင်၊ ကင်းကုန်း၊ ရေဝိုင်းနဲ့ ပခတ်အင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းကစပြီး မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကလည်း မောင်မယ်ရှောင်ရွာက တံတားနှစ်စင်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.