နေပြည်တော် ၊ ဒီဇင်ဘာ ၈

ရွေးကောက်ပွဲကျင်းပနိုင်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မှတ်ပုံ တင်ခွင့်ပြီးတဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာ ၅ နဲ့ ၆ ရက်နေ့တို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီ ၅၁ ပါတီက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ရွေးကောက်ပွဲနဲ့ လုံ ခြုံရေးကဏ္ဍဆိုင်ရာကိစ္စနဲ့ အထွေထွေကိစ္စရပ်တွေကို နှစ်ရက်တာဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်အပေါ် လေ့လာသုံးသပ်ချက်၊ NSP NC နဲ့ EAOs တွေ နိုင်ငံရေးပါတီအစုအဖွဲ့တွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး သ ဘောထားစုစည်းရရှိချက်တွေကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာပထမပတ်အတွင်း အိန္ဒိယအစိုးရက ဦးဆောင်ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို စစ်ကောင်စီအပါအဝင် အပစ်ရပ်ထိုး EAOs တွေ နိုင်ငံရေးပါ တီတွေ တက်ရောက်ခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ နေရာတိုင်း ရော နှောနေထိုင်ကြတာဖြစ်လို့ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက်ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်သင့်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်တပ်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီဟာ လေထဲတိုက်အိမ်ဆောက်တာဖြစ်ပြီး အကျိုးစီးပွားနဲ့ နိုင်ငံရေးရပ်တည်ခွင့်အတွက် အဖွဲ့တချို့ကသာ ယုံကြည်တာလို့ သုံးသပ်ပါတယ်။

“စစ်တပ်က ဖက်ဒရယ်ပေးမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တယ်။ လေထဲတိုက်အိမ်ဆောက်တာ ဖြစ်တယ်။ ခွေးဝမ်းသာအောင် လေလည်ပြတာဖြစ်တယ်လို့ သဘော ထားကြတဲ့အတွက် သူ့(စကစ) ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲဝင်ချင်တဲ့ သူနဲ့ ပူး ပေါင်းပြီး အာဏာရယူလိုချင်တဲ့ (အပစ်ရပ်ထိုး) တိုင်းရင်းသားအဖွဲ့အစည်းတွေ မြို့ပေါ်က နိုင်ငံရေးအဖွဲ့အစည်းတချို့သာ ဒီလိုမျိုးလုပ်ငန်းကို ယုံယုံကြည်ကြည်နဲ့ လိုက်ပါတာပါ။ ဒါပေမယ့် အဲဒီလိုလိုက်ပါတာက အကျိုးစီးပွားအပေါ် မူတယ်ပါတယ်။ နိုင်ငံရေးအရ ရပ်တည်ခွင့်ရှိရေး စီးပွားရေးအခွင့်အလမ်းတွေရရှိရေးဆိုတဲ့ အကြောင်းအချက်တွေအပေါ်မှာ ဖြစ်နေတာပါ” လို့ ဆိုပါတယ်။

မြန်မာ့ပြဿနာကို ဆွေးနွေးဖို့ဆိုရင် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်ကဆုတ်ခွာပေးရမယ်ဆိုတဲ့အချက်ကို နံပါတ်တစ်အနေနဲ့ တင်ပြရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီလို မဟုတ်ဘဲ စစ်တပ်ပါဝင်နေတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ ငြိမ်းချမ်းရေး မဖြစ်ထွန်းလာနိုင်သလို ရွေးကောက်ပွဲလည်း ပြည်သူတွေ အယုံအကြည်ရှိမှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပါတီတွေရဲ့ အကြုံပြုချက်တွေကို အလေးထားကာ လုံခြုံမှုအပြည့်အဝရရှိရေး၊ တရားမျှတရေးနဲ့ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးစေရေး ဦးတည်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း မြို့ပေါင်း ၈၆ မြို့အထိ လက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ရွေး ကောက်ပွဲကို အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာသာ အပိုင်းလိုက်လုပ်လာနိုင်မယ့် အခြေအနေလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက စစ်ကောင်စီဟာ ဒီမိုကရေစီလိုလားတဲ့ ပုံစံမျိုးနဲ့ အာဏာအဓွန့်ရှည်ဖို့ စိုးမိုးနယ်မြေမှာ ရွေးကောက်ပွဲကို ရအောင်လုပ်မှာဖြစ်ပေမယ့် လုံခြုံရေးပေးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သူတို့က ဒီမိုကရေစီလိုလားတဲ့ ပုံစံမျိုးနဲ့ ရွေးကောက်ပွဲကို ရအောင်လုပ်မယ်။သူတို့ အာဏာအဓွန့် ရှည်ဖို့ ဒီဘက်ကလူတွေက အတင်းအကျပ် လုပ်မယ်ဆိုရင် အကြမ်းဖက်သမား ဒီမိုကရေစီမလို လားဘူးဆိုတဲ့ တံဆိပ်ကပ်မယ်။ အခုအခြေအနေက စိုးမိုးတဲ့နယ်မြေဆိုပေမယ့် သူ့နယ်မြေသူ့တပ်စခန်း သူ့လူကို သူကာကွယ်ဖို့ မနည်းလုပ်နေရတာ။ အဲဒီအခြေအနေတစ်ခုမှာ ရွေးကောက်ပွဲလုပ်တဲ့အဖွဲ့ကျန်တဲ့ပါတီတွေ မဲဆွယ်တဲ့ကိစ္စ လူအများကြီးကို လုံခြုံရေးပေးဖို့ သူ့မှာအဲဒီလောက် မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကာလတွေမှာ လုံ ခြုံရေးအတွက် အပစ်ရပ် EAO တွေ ပူးပေါင်းပါဝင်ပေးကြဖို့ကို အခုနှစ် NCA နှစ် ပတ်လည်မိန့်ခွန်းမှာ လေသံပစ်ထားတာပါ။

အီလက်ထရောနစ်မဲပေးစက်စနစ်ကို အသုံးပြုမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအင်အားစုတွေကတော့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြော ထားကြပါတယ်။

တစ်ဘက်မှာ စစ်လက်နက်ပစ္စည်းဆိုင်ရာ ယန္တရားတွေ ပံ့ပိုးပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ ရွေးကောက်ပွဲအတွက် အကူအညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.