ရေဖြူ ၊ ဒီဇင်ဘာ ၇
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်း သုံးခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီဇင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်တယ်။
ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းရှိ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် နိုဝင်ဘာ ၂၅ ရက်နေ့မှာလည်း ရေဖြူမြို့ပေါ်တော်မူဘုရားအနီးရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရေဖြူမြို့အခြေစိုက် အမှတ် ၄၀၇ ခြေမြန်တပ်ရင်းတို့ကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းဘက်က ထုတ်ပြန်လာတဲ့ ရုပ်သံဗွီဒီယိုဖိုင်အရ ဒရုန်းဗုံးတွေဟာ စစ်ကောင်စီတပ်စခန်းတွေအတွင်း ကျရောက်ပေါက်ကွဲတာတွေ တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း တပ်ခွဲ(၆)၊တပ်ခွဲ(၇)နဲ့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည်၊ ရဲဘော်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်နိုင်တယ်လို့ ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနစစ်ကြောင်း