မှော်ဘီ၊ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက် ခိုက်ခံရတာကြောင့် လေတပ်အရာရှိသုံးဦးအပါအဝင် အခြားအဆင့်စစ်သည် ၁၅ ဦးသေဆုံးပြီး လေယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ Brave Warrior Myanmar – BWM ထံက သိရပါတယ်။

Brave Warrior Myanmar – BWM အဖွဲ့နဲ့ မဟာမိတ် Shadow SAF အဖွဲ့တို့ ပူးပေါင်းပြီး BWM ရဲ့ မစ်ရှင် ၂၅ အနေနဲ့ ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း မှော်ဘီလေတပ်ထဲမှာ Y-8 ထောက်ပို့်လေယာဉ်တစ်စင်းနဲ့ Y-12တိုက်ခိုက်ရေး လေယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဂိုဒေါင်၊ လေယာဉ်ပြေးလမ်းနဲ့ စီမံခန့်ခွဲရေးရုံးတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် လေတပ်အတွင်းရှိ လေတပ်အရာရှိသုံးဦးနဲ့ အခြားအဆင့် စစ်သည် ၁၂ ဦးသေဆုံးပြီး လေ တပ်စီမံခန့်ခွဲရေး လေအုပ်မှူးကြီးအပါအဝင် အရာရှိနှစ်ဦးနဲ့ အခြားအဆင့် စစ်သည် ၅ ဦး ဒဏ်ရာပြင်းထန်ရရှိတာကို အတည်ပြုနိုင်ခဲ့တယ်လို့ Brave Warrior Myanmar – BWM အဖွဲ့ ပြောရေးဆို ခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မှော်ဘီလေတပ်ဟာ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီ ကမ်းရိုးတန်းဒေသကို အဓိကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့ လေတပ်ဌာနချုပ်ဖြစ်သလို နိုင်ငံတကာမှာ စစ်ရေးနဲ့ ပတ်သက်တဲ့ အရေး ကြီးပစ္စည်းတွေကို လက်ခံဖြန့်ဖြူးနေတဲ့ အဓိကကျတဲ့ လေတပ်စခန်း ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်မှလာတဲ့ စစ်လက်နက်ပစ္စည်းအားလုံးထားရှိကာ အထိုင်စခန်းဖြစ်တဲ့အတွက် အခုလိုပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက် ဖျက်ဆီးနေတဲ့အတွက် လေတပ်စခန်းအားလုံးကို အားနည်းချိနဲ့ပြိုလဲစေဖို့ တစိုက်မတ်မတ် ဖော်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း တောင်ငူမြို့ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်စစ်သည် လေဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BWM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.