တနင်္သာရီ၊ ဒီဇင်ဘာ ၈
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနဲ့ တကူကျေးရွာအုပ်စုအတွင်းက ကျေးရွာချင်းဆက် လမ်းပိုင်းလေးခုကို စစ်ကောင်စီတပ်က ဘတ်ဟိုးနဲ့ထိုးပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသ ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး တနင်္သာရီအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အမိန့်အရဆိုပြီး စစ်ကောင်စီတပ်က ဇဝဲ-ဖာနီလမ်းပိုင်းရှိ ကွန်ကရစ်တံတားနှစ်စင်း၊ ဇဝဲ၊ဘန်းလမွတ်နဲ့ ရမ်းဖိုးကျေးရွာတို့က ကျေးရွားချင်းဆက်လမ်းပိုင်းတွေကို လာရောက်ဖျက်ဆီးသွားတာပါ။
ဒေသခံတွေရဲ့ပြောပြချက်အရ ဖျက်ဆီးခံလိုက်ရတဲ့ လမ်းပိုင်းတွေဟာ အကျယ်နဲ့အနက် ၈ ပေကျော် တူးဖျက်ခံလိုက်ရတဲ့အတွက် ကားဆိုင်ကယ်ကအစ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။
လမ်းပိုင်းဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းအနီးပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ထားသလို ကင်းပုန်းဝပ်တာတွေလည်း ရှိနေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဘက်က အခုလို လမ်းပိုင်းတွေ ဖျက်ဆီးနေတာဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန် ရေးအဖွဲ့တွေကို စားနပ်ရိက္ခာပြတ်တောက်အောင် ဖြတ်လေးဖြတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တဲ့ လမ်းပိုင်းတွေဟာ မြိတ်မြို့ကနေ ကျေးရွာပေါင်း ၂၀ လောက်ကို ရိက္ခာတွေဝယ်ယူရောင်းချဖို့ သယ်ဆောင်တဲ့ လမ်းပိုင်းဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လမ်းပိုင်းဖျက်ဆီးခံရတဲ့အတွက် တကူ၊ အင်းရှည်ကုန်း၊ သရဘွင်၊ ပိန်းတော၊ ရေဖြူ၊ ပေါက်တောစတဲ့ ကျေးရွာ ပေါင်း ၂၀ နီးပါးက ဒေသထွက်ကုန်တွေဖြစ်တဲ့ ခဲ၊ ရော်ဘာ၊ ကွမ်းသီး၊ ရာသီသီးနှံတွေ တင်ပို့ရောင်းချဖို့လည်း အခက်ကြုံနေရပါတယ်။
လမ်းပိုင်းဖျက်ဆီးခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေသတွင်းမှာ ဆန်အပါအဝင်အခြေခံစားသောက် ကုန်တွေကအစ ဈေးနှုန်းမြင့်တက်လာပြီး ဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
တနင်္သာရီမြို့နယ် မြိတ်-တနင်္သာရီ ပြည်ထေင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး နှစ်ဖက်စစ်ရေး တင်းမာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်မှုတွေ လုပ် ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ