ဖာပွန်၊ ဒီဇင်ဘာ ၃

ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောစခန်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ် လိုက်လံရှင်းလင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားငါးဦး ထပ်မံသေဆုံးခဲ့တယ်လို့ KNU တပ် မဟာ ၅ ရဲ့ ထုတ် ပြန်ချက်အရ သိရပါတယ်။

စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားဟာ လက် နက်မချဘဲ တောင်သုံးလုံးစခန်းကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

မထောတပ်စခန်းသိမ်း တိုက်ပွဲကနေ တောင်သုံးလုံးတပ်စခန်းဆီကို ဦးတည်ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အဆင့်ဆင့်ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

မထောစခန်းကနေ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁ ရက်နေ့က ခွေးသေကျေးရွာမှာ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ က ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်က ငှက်ပျောတောကျေးရွာနဲ့ ခွေးသေကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ပြီး လက်နက် ၄ လက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ မထောစခန်းကို ရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်ရာမှာ ၈၁ မမ လက်နက်ကြီးတစ်လက် ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ က ပြောပါတယ်။

ဖာပွန်မြို့ကို ဝန်းရံထားတဲ့ ခေါပုတ်၊ မထော၊ကူးဆိပ်စခန်းကြီးတွေ သိမ်းပိုက်ခံနေရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့ကနေတစ်ဆင့် ကတိုင်တိတောင်သုံးလုံးစခန်းဘက်ကို မြေပြင်ကနေ စစ်ကူပေးပို့နိုင်ဖို့ ကြိုးစားနေပြီး အဲဒီစစ်ကူစစ်ကြောင်းတွေကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကမမောင်းကနေ တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ၆ ဦးထက်မနည်း သေဆုံးတာတွေရှိခဲ့ပြီး စစ်ကူစစ်ကြောင်းဟာ ကတိုင်တိအပေါ်ဘက် နိုလာကျေးရွာကို ရောက်ရှိနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေချတပ်စွဲထားတဲ့ ခေါပုတ်၊ ကူးဆိပ်၊ မထောတပ်စခန်းသုံးခုကို တစ်လအတွင်း KNLA တပ်မဟာ ၅ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဖာပွန်မြို့အနီးက စစ်ကောင်စီတပ်ရဲ့ ဖာပွန်အခြေချစစ်ဗျူဟာကိုလည်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝိုင်းရံပိတ်ဆို့ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.