နေပြည်တော် ၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို အတုအယောင်သတင်းအချက်အလက်တွေက ဟန့်တားဖျက်ဆီးနေတယ်ဆိုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပိတ်ပင်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က သတင်းအတုအယောင်တွေကြောင့် တိုင်းရင်းသားညီညွတ်မှုကို ပျက်စီးစေနိုင်ပြီး အားလုံးမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောသွားခဲ့တာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်တပ်ကသာ သတင်းအတုအယောင်တွေကို နည်းမျိုးစုံနဲ့ ကြိုးစားတာဖြစ်ပြီး သူတို့လိုချင်တဲ့ အမှန်တရားရဖို့ သတင်းမီဒီယာကို လက်နက်အနေနဲ့ သုံးနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က ဗားရှင်းတစ်မျိုးတည်းပါပဲ။ အဲဒီဗားရှင်းက စစ်တပ်ရဲ့ဗားရှင်းပါ။ သူတို့ပြောတဲ့ သတင်းတွေကအမှန် ကျန်တဲ့ဟာတွေ သတင်းအမှားလို့ အမြဲတမ်းပြောပါတယ်။ တကယ်တမ်းတော့ စစ် တပ်က အဲဒီလိုဖြစ်ဖို့ကိုလည်း နည်းမျိုးစုံနဲ့ကြိုးစားတယ်။ အထူးသဖြင့် စစ်တပ်ကသတင်းမီဒီယာကို လက်နက်အနေနဲ့သုံးတာ။ ကျွန်တော်တို့ လွတ်လပ်တဲ့ မီဒီယာတွေက သတင်းမီဒီယာကို ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့် သိပိုင်ခွင့် ချစ်ခြင်းမုန်းခြင်းမပါ ပေးနေတာပါ။ အဲဒီတော့ဒါသိပ်ပြီး အံ့ဩစ ရာမဟုတ်ပါဘူး။ စစ်ခေါင်းဆောင်က သူလိုချင်တဲ့ အမှန်တရားနဲ့လွဲတာ အကုန်လုံးကို အမှန်မဟုတ်ပါဘူးလို့ ပြောမှာပဲစွပ်စွဲမှာပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့ချိန်မှာ ရွေးကောက်ပွဲ မဲမသမာမှုကြောင့်ဆိုပြီး ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေ ရုပ်သံတွေကနေ ဝါဒဖြန့်စွပ်စွဲခဲ့သလို ဆွေးနွေးပွဲတွေ အစည်းအဝေးတွေမှာလည်း အမြဲတမ်း ပြောလေ့ရှိပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ဒေသတွင်းတည်ငြိမ်ရေး ထိခိုက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က သူ့အပြစ်ကိုဖုံးကွယ်ပြီး စွပ်စွဲခဲ့‌သေးတာပါ။

ဒီအပေါ် လွတ်လပ်တဲ့ သတင်းဌာနတွေက သတင်းအတုအယောင်တွေ သတင်းအချက်အလက်အ မှားတွေ ထုတ်လွှင့်ရေးသားတယ်ဆိုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကျဉ်းချထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီကနည်းမျိုးစုံ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP Myanmar ရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်ကာ သတင်းသမားတွေလည်း ဖိနှိပ်ခံရမှု စံချိန်တင်ခဲ့ရပါတယ်။

အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ သတင်းမီဒီယာတိုက်တွေကို ဝင်ရောက်စီးနင်းတာ၊ ဆန္ဒထုတ်ဖော်ပွဲမှာ သတင်းထောက်တွေကို ပစ်ခတ်ဖမ်းဆီးတာနဲ့ နေအိမ်တွေအထိ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေအပြင် တရားစွဲဆိုတာတွေ ပြုလုပ်ခဲ့တာပါ။

လွတ်လပ်စွာထုတ်ဖော်ပြောခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှု လေးနှစ်နီးပါးအတွင်း နိုင်ငံတဝန်းက သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၁ ဦး သေဆုံးကာ သတင်းဌာန ၁၅ ခုလည်း လိုင်စင်ဖျက်သိမ်းခံထားရပါတယ်။

တစ်ဘက်မှာ သတင်းစီးဆင်းမှု နှောင့်နှေးစေရေး ဒီမိုကရေစီလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ချိတ်ဆက်မှုတွေကို အနှောင့်အယှက်ပေးနိုင်ရေးနဲ့ အွန်လိုင်းပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားတဲ့ အကောင့်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူကာ ဒီဂျစ်တယ်ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.