ထားဝယ်၊ ဒီဇင်ဘာ ၃

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် ငါးရှဉ့်သွားထောင်တဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ကနိုင်းဒါကျေးရွာနေ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ ကျေးရွာအနီးရှိ ပေါက်တိုင်းချောင်းမှာ ငါးရှဉ့်သွားထောင်စဉ် မြေမြှုပ်မိုင်းနင်းမိပေါက် ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အဲဒီလူငယ်ဟာ ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ပေါက်တိုင်းချောင်းအနီးမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး သတိပေးဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းထိမှန်သေဆုံးနေတဲ့ အဲဒီလူငယ်ရဲ့ ရုပ်အလောင်းကို မနက် ၁၀ နာရီအချိန်ခန့်မှာ လမ်းသွားလမ်းလာတွေ တွေ့ရှိပြီး မိသားစုထံ အကြောင်းကြားခဲ့ပြီးနောက် နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

မိုင်းထိမှန်သေဆုံးခဲ့တဲ့ လူငယ်ရဲ့ မိသားစုဟာ နဂိုကသရက်နှစ်ခွကျေးရွာမှာ နေထိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဖခင်ဖြစ်သူဟာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာနေ အသက် ၂၇ နှစ်အ ရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အ များဆုံးဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁၀၀၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.