ဖာပွန်၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောတပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကမမောင်းကနေ စစ်ကူတက်ရောက်လာတဲ့ စစ်ကောင်စီတပ်တို့ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

မထောကျေးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က မထောစခန်းအောက်ဘက်ရှိ တောင်သုံးလုံးစခန်းဘက်ကို ထွက်ပြေးသွားခဲ့တာပါ။

မထောစခန်းကနေ တောင်သုံးလုံးစခန်းကို ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၃ ရက်က KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ တပ် မဟာ ၅ ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း မထောစခန်းက ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား အလောင်း ၅ လောင်းကျန်ရှိခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန်မြို့က ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကူးဆိပ်၊ မထောတပ်စခန်းအပါအဝင် တပ်စခန်း ၃ ခုကို အောက်တိုဘာလကုန်နဲ့ အခုနိုဝင်ဘာလအတွင်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်တို့က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ကမမောင်းမြို့ကနေတစ်ဆင့် ကတိုင်တိ၊ တောင်သုံးလုံးစခန်းကို စစ်ကူတွေ ပို့ဆောင်လာခဲ့တာပါ။

ကမမောင်းကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး လက်ရှိမှာတော့ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဘောကြိုလယ်ကျေးရွာအလွန်မှာ ရောက်ရှိနေတာပါ။

စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းဟာ ဖာပွန်-ကတိုင်တိ-ကမမောင်းကားလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး အဲဒီတပ်စခန်းဆီကို ကမမောင်းအခြေစိုက် စစ်ကောင်စီဗျူဟာကနေတစ်ဆင့် စစ်ကူပေးပို့နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။

တဖက်မှာတော့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖာပွန်အခြေချစစ်ဗျူဟာကုန်းကို ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်ကောင်စီက စခန်းမကျရေး လေကြောင်းနဲ့ အပြင်း အထန် ခုခံနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.