ပန်ဝါ ၊ နိုဝင်ဘာ ၂၉

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ လေးမြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဉာဏ်လင်းသစ်သုတေသနရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကချင်ပြည်နယ်ရှိ ဆော့လော်မြို့နဲ့ ပန်ဝါမြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်း ပိုက်ခဲ့သလို စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်နဲ့ ရှမ်းမြောက်ရှိ သီပေါမြို့ကို TNLA က သိမ်းယူနိုင်ခဲ့ပါတယ်။

ပင်လည်ဘူးမြို့ကို ဩဂုတ် ၁၅ ရက်နေ့ကတည်းက PDF တပ်က စတင်ထိုးစစ်ဆင်ခဲ့ပြီး အောက်တို ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အလားတူ သီပေါမြို့ကိုလည်း စက်တင်ဘာ ၁၃ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာ ၁၄ ရက်နေ့ကျမှသာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ အောက်တိုဘာအတွင်း နိုင်ငံတဝန်းရှိ မြို့နယ် ၁၂၅ ခုမှာ တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်းအနည်းဆုံး ၅၂၁ ကြိမ်အထိရှိခဲ့ပြီး ရခိုင်၊စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းတို့မှာ နှစ်ဖက်တိုက်ပွဲဖော်ဆောင်မှု အများဆုံးဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနဲ့ ရဲ စခန်းပေါင်း ၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တစ်ဘက်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း သေဆုံးသူ ၂၆၈ ဦး ရှိခဲ့ပြီး အဲဒီထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃၇ ဦး သေ ဆုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက မြို့ပေါင်း ၈၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.