ကော့ကရိတ်၊ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းသွားရာဘက်မှာ အခုလ နိုဝင်ဘာလကုန်းပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ စစ်ရေးသ တင်းရင်းမြစ်တွေထံ သိရပါတယ်။
အဲဒီလမ်းပိုင်းနှစ်ခုမှာ ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စက်တင်ဘာလနဲ့ နိုဝင်ဘာလအစောပိုင်းကစပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြားနဲ့ တပ်အင်အားတိုးချဲ့မှုတွေ အဆက်မပြတ်လုပ် ဆောင်နေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
နယ်မြေခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီဘက်က အင်အားအများအပြား တိုးချဲ့ထားတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေါနတောင်ပေါ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနေရာတွေမှာ ရောက်ရှိနေကြတဲ့ စစ်ကောင် စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အခုရက်ပိုင်းတွေထဲ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းမိတာတွေ ရှိနေပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုတွေ၊ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်လက်ပြုလုပ်နေသလို ကော့ကရိတ်မြို့အနီးမှာလည်း နှစ်ဖက်တိုက်ပွဲပစ်ခတ်သံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲက ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ကော့ကရိတ်မြို့တွင်း ရပ်ကွက်ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာရှိခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ကော့ကရိတ်ဒေသခံဆီကနေ သိရပါတယ်။
ကော့ကရိတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီးတဲ့နောက် ကော့ကရိတ်ဒေသခံစစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်နေထိုင်တာရှိခဲ့ပေမယ့် နေရပ်မပြန်သေးဘဲ ဘားအံ၊ ပိုင်ကျုံ၊ သာမည၊ မော်လမြိုင်စတဲ့ နေရာတွေမှာ ဆက်လက်တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မြဝတီမြို့နယ်ထဲကို အလုံးစုံပြန်လည်ထိန်း ချုပ်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့မတ်လပိုင်းက အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး တပ်အင်အားအများအပြားနဲ့ ပို့ဆောင်လာခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ ဒေါနတောင်ပေါ်လမ်းနေရာမှာပဲ တည်ရှိနေဆဲဖြစ်ပါတယ်။
အာရှလမ်းကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ အများအပြားရှိခဲ့သလို လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU