မနီလာ၊ နိုဝင်ဘာ ၂၈

ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာအပေါ် ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ တရားရေးဌာနက စုံစမ်းစစ်ဆေးမှု စတင်ပြီး ရက်ပိုင်းအကြာ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ သက်တော်စောင့်တွေကို အပြောင်းအလဲ ပြုလုပ်လိုက်တယ်လို့ လုံခြုံရေးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောနှော ပါဝင်တဲ့ ဒုသမ္မတရဲ့ လုံခြုံရေး အဖွဲ့ကို အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ချက်ဟာ သီးခြား စုံစမ်းစစ်ဆေးမှု တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီးနဲ့ ဖိလစ်ပိုင် စစ်တပ်အကြီးအကဲက သတင်းထောက်တွေကို ပြောကြားထားပါတယ်။

ဒုသမ္မတနဲ့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထိန်းသိမ်းခံရတဲ့ အရာရှိချုပ်ကို လွှဲပြောင်းပို့ဆောင်ရာမှာ ကြားဝင်နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အကြမ်းဖက်မှုနဲ့ စွဲချက်တင်ဖို့ အစိုးရရှေ့တွေဆီ မိမိတို့တပ်ဖွဲ့က တောင်းဆိုထားတယ်လို့ နိုင်ငံတော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး ဗိုလ်မှူး ဂျိမ်း ဖာဂျာဒိုက ပြောဆိုထားပါတယ်။

ရဲတပ်ဖွဲ့ ဆရာဝန် တစ်ဦးကို ဒုသမ္မတရဲ့ လုံခြုံရေး အဖွဲ့ ခေါင်းဆောင်က တွန်းထိုးခဲ့ပြီး ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခွင့်ပေးလို့ မရဘူးလို့ ပြောခွင့်ရသူဖာဂျာဒိုက သတင်းထောက်တွေကို ပြောကြားပါတယ်။

သီးခြား သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ဗိုလ်ချုပ် ရိုမီယို ဘရောနာက ဒုသမ္မတအပေါ် လုံခြုံရေးပေးနေတဲ့ အဖွဲ့ကနေ စစ်သားတွေကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

မိမိ သတ်ဖြတ်ခံရရင် သမ္မတ မားကို့စ် ဂျူနီယာကို လုပ်ကြံ သတ်ဖြတ်ရေး လူသတ်သမားနဲ့ ပြောဆိုထားပြီး ဖြစ်ကြောင်း ဒုသမ္မတ ဆာရာ ဒူတာတေးက ပြောကြားခဲ့တဲ့အတွက် တရားရေးဌာနက စုံစမ်း စစ်ဆေးမှု စတင်ပြီး မကြာခင် အခုလိုမျိုး သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မိမိကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု အောင်မြင်ခဲ့ရင် သမ္မတ မားကို့စ်၊ သူ့ရဲ့ ဇနီးနဲ့ သူ့ရဲ့ တူဖြစ်သူ မာတင် ရာမူအယ်ဒက်စ် တို့အား လုပ်ကြံ သတ်ဖြတ်ရေး လူတစ်ယောက်နဲ့ ပြောဆိုထားပြီး ဖြစ်ကြောင်း ဒုသမ္မတက နိုဝင်ဘာ ၂၃ ရက်မှာ ပြောဆိုခဲ့တာပါ။

နောက်ပိုင်းမှာ သူက သူ့ရဲ့ ပြောဆိုမှုတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။
မားကို့စ်-ဒူတာတေး မဟာမိတ်ဖွဲ့မှုကြောင့် ၂၀၂၂ ခုနှစ်မှာ အာဏာ ရလာခဲ့ကြပေမယ့် လာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဆက်ဆံရေး ဆိုးရွားလာနေခဲ့တာပါ။

လက်ရှိသမ္မတ မားကို့စ်အနေနဲ့ သက်တမ်း ၆ နှစ်ပြည့်အောင် တာဝန် မထမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဟာ ဖွဲ့စည်းပုံအရ သမ္မတ နေရာကို ဆက်ခံရမယ့်သူ ဖြစ်ပါတယ်။

ဒုသမ္မတဟာ အစိုးရရန်ပုံငွေ သန်းပေါင်းများစွာကို တလွဲ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ မားကို့စ်ရဲ့ တူ ရာမူ အယ်ဒက်စ် ဦးဆောင်တဲ့ အောက်လွှတ်တော်က စုံစမ်း စစ်ဆေးနေပါတယ်။

ဒူတာတေးနဲ့ ရာမူအယ်ဒက်စ်တို့ နှစ်ဦးစလုံး ၂၀၂၈ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ အများက ယုံကြည်ထားကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.