ဝါရှင်တန်၊ နိုဝင်ဘာ ၂၇
အမေရိကန်နဲ့ ပြင်သစ် ကြားဝင် စေ့စပ်ပေးတဲ့ သဘောတူညီမှုကို အစ္စရေးနဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာတို့ နှစ်ဖက်လုံးက လက်ခံခဲ့တာကြောင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုဟာ နိုဝင်ဘာ ၂၇ ရက် စင်ကာပူ စံတော်ချိန် နံနက် ၁၀ နာရီကနေ စတင် အသက်ဝင်လာကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
ဂါဇာ စစ်ပွဲကြောင့် စတင်ခဲ့တဲ့ အစ္စရေး-လက်ဘနွန် နယ်စပ်တလျှောက်က လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အဲဒီသဘောတူညီမှုအရ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
အစ္စရေး လုံခြုံရေးဝန်ကြီးများအဖွဲ့က အဲဒီသဘောတူညီမှုကို ၁၀ မဲ – ၁ မဲနဲ့ အတည်ပြုလိုက်ပြီးနောက် မကြာခင်မှာပဲ သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်ကနေတစ်ဆင့် အခုလိုမျိုး ပြောကြားလိုက်တာပါ။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု၊ လက်ဘနွန် ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီတို့နဲ့ ဆွေးနွေးခဲ့ပြီး တိုက်ခိုက်မှုတွေ ဒေသစံတော်ချိန် နံနက် ၄ နာရီမှာ အဆုံးသတ်မယ်လို့ သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။
ဒီသဘောတူညီမှုက တိုက်ခိုက်မှုတွေ ရန်စမှုတွေ အမြဲတမ်းကာလအတွက် ရပ်တန့်စေဖို့ ရည်ရွယ်တာ ဖြစ်ပြီး ဟစ်ဇဘိုလာနဲ့ တခြား အကြမ်းဖက်အဖွဲ့တွေ အစ္စရေး လုံခြုံရေးကို ထပ်ပြီး မခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်မှု ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
လက်ဘနွန်နယ်စပ်မှာ ဟစ်ဇဘိုလာ အဖွဲ့ အင်အား မတည်ဆောက်နိုင်ရေး သေချာအောင် အစ္စရေးက လုပ်ဆောင်မှာ ဖြစ်ပြီး လက်ဘနွန် စစ်တပ်က နယ်စပ်ဒေသကို ထိန်းချုပ်မှာ ဖြစ်ပါတယ်။
လက်ဘနွန်မှာ ရှိနေတဲ့ အစ္စရေးတပ်တွေဟာ ရက်ပေါင်း ၆၀ အတွင်း ပြန်လည် ဆုတ်ခွာရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးရှိ အရပ်သားပြည်သူတွေအနေနဲ့ မကြာခင် သူတို့ရဲ့ ဒေသတွေဆီ ဘေးကင်းစွာ ပြန်လာနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟစ်ဇဘိုလာ အဖွဲ့၊ ဂါဇာရှိ ဟားမာ့စ်အဖွဲ့နဲ့ ယီမင်ကနေ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟိုသီအဖွဲ့တို့ကို ထောက်ပံ့ပေးနေတဲ့ အီရန်ကတော့ အခု သဘောတူညီမှုနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။
အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး အစ္စရေး၊ လက်ဘနွန် အရာရှိတွေနဲ့ လနဲ့ချီ ညှိနှိုင်းဆွေးနွေးမှုတွေကြောင့် အခုလို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ မက်ကရွန်က ပြောကြားပါတယ်။
ဝန်ကြီးချုပ် နေတန်ညာဟုကတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပေမယ့် ဟစ်ဇဘိုလာအဖွဲ့က ရန်စလာရင် အင်အားအပြည့်နဲ့ တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters