ဘေဂျင်း၊ နိုဝင်ဘာ ၂၇
ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး တုံးကျန်းဟာ စုံစမ်းစစ်ဆေးခံနေရကြောင်း လက်ရှိနဲ့ အရင်အမေရိကန် အရာရှိတွေကို ကိုးကားပြီး Financial Times သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
အဲဒီသတင်းသာ အတည်ဖြစ်ခဲ့ရင် ဝန်ကြီး တုံးကျန်းဟာ အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်း စစ်ဆေးခံရတဲ့ တရုတ်ရဲ့ တတိယမြောက် ဆက်တိုက် တာဝန် ထမ်းဆောင်ဆဲ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် PLA ရဲ့ ရေတပ်အကြီးအကဲဟောင်း ဖြစ်တဲ့ တုံးကျန်းဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့မတိုင်ခင်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ လီရှန်းဖူဟာလည်း အဲဒီ ရာထူးမှာ ၇ လကြာပြီးနောက် ဖယ်ရှားခံခဲ့ရပါတယ်။
ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတို့က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။
တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စတင်ခဲ့ပြီး PLA ဗိုလ်ချုပ် ၉ ဦးနဲ့ လေကြောင်း ကာကွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိချုပ် ၄ ဦးထက်မနည်း နိုင်ငံတော်ဥပဒေပြုရေး အဖွဲ့ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
လာအိုမှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဝန်ကြီ တုံးကျန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကြောင့်လို့ သူက အကြောင်းပြခဲ့ပါတယ်။
ဝန်ကြီးဟောင်း လီရှန်းဖူနဲ့ သူမတိုင်က ကာကွယ်ရေးဝန်ကြီး ဝေဖန်းဂီတို့ဟာ ပြင်းထန်တဲ့ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် တရုတ် ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်ခံရကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။
ဝန်ကြီးဟောင်း လီဟာ လာဘ်ငွေတွေ အများကြီး လက်ခံရယူခဲ့သလို တခြား အရာရှိတွေကိုလည်း လာဘ်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဖော်ပြခဲ့ပါတယ်။
သူ့အရင် ဝန်ကြီးဟောင်း ဝေဖန်းဂီကတော့ ၂၀၂၃ ခုနှစ်မတ်လက ဝန်ကြီးများအဖွဲ့ နေရာ အပြောင်းအလဲ ပြုလုပ်တဲ့ အစီအစဉ်အတွင်း လူစားလဲခံရပြီးနောက်ပိုင်း လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပါတယ်။
တရုတ်အစိုးရက စစ်တပ်ရဲ့ အကျင့်ပျက် ခြစားမှုတွေကို ပြီးခဲ့တဲ့ နှစ်ကစလို့ နက်နက်ရှိုင်းရှိုင်း နှိမ်နှင်းနေပြီး သမ္မတ ရှီကျင့်ဖျင်က စစ်တပ်အနေနဲ့ အကျင့်ပျက် ခြားစားမှု ကင်းစင်အောင်နဲ့ စစ်ပွဲအတွက် ကြိုပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
Ref:Agencies