တောင်ကုတ်၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ်မှာ အခုလ သုံးပတ်ကျော်ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားပြည်သူ ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ပြည်နယ်မှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၁၁ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး အပါအဝင် ၁၉ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရပြီး ကျန်တစ်ဦးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီအချိန်ခန့်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် သင်္ချီကိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေမှာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် အရပ်သား ၇၃၅ ဦးသေဆုံးခဲ့ပြီး ၁၅၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ရေးရုံး HDCO က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.