နောင်ချို၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အင်းဝိုင်းကျေးရွာက သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ ပြည်သူနှစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိကြဖို့နဲ့ လူစုလူဝေးမပြုလုပ်ကြဖို့ TNLA က သတိပေးတိုက်တွန်းထားပါတယ်။
အခုလ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁၈ ဦး သေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA